မုံရွာမြို့နယ် လက်ပံတောင်းဒေသရှိ မိုးကြိုးပြင်တောင်ရွာတွင်
လုံခြုံရေးရဲများနှင့် ဒေသခံများ နိုဝင်ဘာလ ၁၄ ရက် ညက
ပဋိပက္ခဖြစ်ပွားပြီးနောက် ဒေသခံ ၁၅၀ ကျော်ကို လက်ပံတောင်း ကြေးနီစီမံကိန်း
လုံခြုံရေးတာဝန်ကျရဲများက ထိုနေ့ည ၁၁ နာရီကပင် ဆားလင်းကြီး မြို့မရဲစခန်း၌
အမှုဖွင့်ထားသည်ဟု မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး တင်ထွဏ်းက မဇ္ဈိမကို ပြောသည်။
“တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပြင်းအထန် နာကျင်ဒဏ်ရာရစေအောင်
ဥပဒေမဲ့ပြုလုပ်ခဲ့ပြီး နိုင်ငံတော်ပိုင် ရဲကားတချို့ကို ပျက်စီးစေအောင်
ပြုလုပ်ကြတဲ့အတွက် ဥပဒေနဲ့အညီ အခုလို အမှုဖွင့်လိုက်တာဖြစ်ပါတယ်”ဟု
မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီးတင်ထွဏ်းက ပြောသည်။
လက်ပံတောင်းတောင် လုံခြုံရေးရဲများနှင့် မိုးကြိုးပြင်ရွာသုံးရွာမှ
ဒေသခံများသည် မုံရွာ - ပုသိမ် အဝေး ပြေး ကားလမ်းမကြီးအနီး
မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာလ ၁၄ ရက် ည ၈ နာရီခန့်က ပဋိပက္ခများ
ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် ဒေသခံ ခုနှစ်ဦး
ဒဏ်ရာရရှိခဲ့သည်။
အပြန်အလှန် ထိခိုက်ဒဏ်ရာရှိခဲ့ပြီးနောက်
ရဲတပ်ဖွဲ့ဝင်တို့၏ တရားစွဲဆိုထားမှုအတွက် “တကယ်တမ်းကျတော့ ကျွန်တော်တို့
ဒေသခံတွေက စတင်ပစ်ခတ်မှု မလုပ်ဘူး။ အခုတော့ ဒေသခံတွေက စပစ်လို့ သူတို့က
တရားစွဲသလို ဖြစ်နေတယ်။ တရားစွဲခံရတယ်ဆိုတာ သူများတွေပြောလို့ သိတယ်။
ကျွန်တော် တို့ဆီ တိုက်ရိုက်တော့ ဘာမှလာပြောတာမျိုး မရှိဘူး” ဟု
မိုးကြိုးပြင် အလယ်ရွာမှ ကိုဖိုးလပြည့်က တုန့် ပြန်ပြောဆိုသည်။
ရဲအုပ်ကျော်မင်းနိုင်က တရားလိုပြုလုပ်ကာ ဆားလင်းကြီးမြို့မရဲစခန်းမှ
(ပ)၂၈၀/၂၀၁၃ ပြစ်မှုပုဒ်မ ၁၄၃ / ၃၃၃/ ၃၄ အရ ရွာသူရွာသား ၁၅၀ ဦးခန့်အား
အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု ဆားလင်းကြီးရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက
ဆိုသည်။
နိုဝင်ဘာလ ၁၅ ရက်က နိုင်ငံရေးအကျဉ်းသား ၆၉ ဦးကို
တစ်ဆယ့်နှစ်ကြိမ်မြောက် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပြီးနောက်
လက်ပံတောင်းဒေသခံ ၁၅၀ ကျော်ကို ထပ်မံ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံရေးအ
ကျဉ်းသားများကို ၂၀၁၃ ခုနှစ်အကုန်တွင် ချွင်းချက်မရှိ ပြန်လွှတ်ပေးမည်ဟု
သမ္မတဦးသိန်းစိန်က ကတိ ပြုထားခဲ့ဖူးသည်။
by mizzima
Monday, November 18, 2013
လက်ပံတောင်းဒေသခံ ၁၅၀ ကျော်ကို ရဲက အမှုဖွင့်ထား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...