<div style='background-color: none transparent;'></div>

Tuesday, November 26, 2013

ဆီးဂိမ်းအတွက် ဘောလုံးပွဲလက်မှတ်များကို ဒီဇင်ဘာ ၁ ရက်နေ့တွင် စတင်ရောင်းချမည်

ဆီးဂိမ်းတွင် ယှဉ်ပြိုင်ကစားမည့် ဘောလုံးပွဲလက်မှတ်များအတွက် ပွဲကြည့် လက်မှတ်များကိုသက်ဆိုင်ရာ မြို့များအလိုက် ဒီဇင်ဘာ ၁ ရက်တွင် တပြိုင်နက်တည်း ရောင်ချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဈေးကွက်ရှာဖွေရေးဒါရိုက်တာ ဦးဆူးအောင်က မဇ္ဈိမသို့ ပြောသည်။

လက်မှတ်များကို အွန်လိုင်း လက်မှတ် (ONLINE TICKET) နှင့် ရိုးရိုးလက်မှတ်ပုံစံ နှစ်မျိုးဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။ “ဒီလက်မှတ်တွေကို သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ ပဒုမ္မာကွင်း၊ စလင်းကွင်း ဘောလုံးအဖွဲ့ချုပ်၊ MRTV 4 နဲ့ပတ်သက်တဲ့ Show Room တွေမှာ ရောင်းချပေးသွားမယ်။

မှတ်ပုံတင်တစ်ခုကို လက်မှတ် နှစ်စောင် ၀ယ်ခွင့်ရှိတယ်။ လက်မှတ်အတုအစစ်ခွဲဖို့ကတော့ ဘားကုတ် ဖတ်ပြီးစစ်ကြည့်မှာပါ။ မှောင်ခိုဈေးကွက် ပျောက်၊ မပျောက်ကိုတော့ ပြောဖို့ခက်တယ်။ လက်မှတ်တွေကိုတော့ တစ်ပွဲချင်းစီအရင်ရောင်းပြီး အဆင်ပြေရင်တော့ အခြားပွဲစဉ်တွေအတွက်ပါ ကြိုရောင်းပေးဖို့ ရှိပါ တယ်” ဟု ဦးဆူးအောင်မှ ပြောသည်။ ရောင်းချမည့် အရေအတွက်မှာ ပွဲစဉ်တိုင်းအတွက် တစ်ပွဲလျှင် နှစ်သောင်းခွဲဝန်းကျင် ဖြစ်သည်။

“ရန်ကုန်၊ နေပြည်တော်၊ မန္တလေး သုံးနေရာစလုံးမှာ လက်မှတ်စောင်ရေ နှစ်သောင်းခွဲဝန်းကျင် ရောင်းမှာပါ။ ဆီမီးနဲ့ ဖိုင်နယ်တွေမှာလဲ အတူတူပါပဲ။ ကျန်တဲ့ခွဲတမ်းကတော့ ဖိတ်ကြားခံ ဧည့်သည်တွေနဲ့ စပွန်ဆာတွေအတွက် ထားရတာပါ” ဟု ဦးဆူးအောင်က ရှင်းပြသည်။

နေပြည်တော်ပွဲစဉ်များအတွက် လက်မှတ်များကို ပေါင်းလောင်းကွင်း၊ မြို့မဈေးနှင့် MRTV 4 Show Room များတွင် ၀ယ်ယူနိုင်ပြီး မန္တလေးအမျိုးသမီး ဘောလုံးပွဲစဉ်များအတွက် ဗထူးအားကစားကွင်း၊ ချမ်းမြသာစည် မန္တလေးအကယ်ဒမီ စသည့်နေရာများတွင် ၀ယ်ယူ၍ရမည် ဖြစ်သည်။ အမျိုးသားဘောလုံးပွဲစဉ်များအတွက် လက်မှတ်ခများကို ရိုးရိုးတန်း နှစ်ထောင်ကျပ၊် အထူးတန်း လေးထောင်ကျပ် အပြင် ဆီးမီးဖိုင်နယ်နှင့် ဖိုင်နယ် ပွဲစဉ်များကို ရိုးရိုးတန်း သုံးထောင်ကျပ်၊ အထူးတန်း ငါးထောင်ကျပ်နှင့် အမျိုးသမီးပွဲစဉ်များကို ရိုးရိုးတန်း တစ်ထောင်ကျပ်၊ အထူးတန်း သုံးထောင်ကျပ်သတ်မှတ် ထားသည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...