ကရင်ပြည်နယ်၊ သံတောင်မြို့နယ် လိပ်သိုမြို့နယ်ခွဲရှိ ကျေးရွာတစ်ရွာတွင်
ရော်ဘာခြံတစ်ခြံအတွင်း သီးခြားနေထိုင်သည့် မိသားစုဝင်လေးဦး
မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့သောကြောင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်းအား
ယင်းဖြစ်စဉ်ကို စစ်ဆေးဖော်ထုတ်ရန် ညွှန်ကြားထားကြောင်း
ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။
““အဖေနဲ့အမေနဲ့
ကလေးနှစ်ယောက်ပါဝင်တဲ့ မိသားစုတစ်စု မီးလောင်ဒဏ်ရာတွေနဲ့ သေဆုံးနေကြောင်း
အောက်ခြေကနေ ကြေးနန်းပို့ပါတယ်။ ဖြစ်စဉ်အမှန်ကို ဖော်ထုတ်ပေးဖို့
ညွှန်ကြားထားပါတယ်””ဟု အဆိုပါရဲအရာရှိကပြောသည်။
ယင်းဖြစ်စဉ်မှာ
နိုဝင်ဘာ ၂၁ ရက်ညက လိပ်သိုမြို့နယ်ခွဲ မြသာကုန်းကျေးရွာနှင့်
တစ်မိုင်ခန့်အကွာရှိ ရော်ဘာခြံတစ်ခြံတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး
အိမ်ထောင်ဦးစီး ဦးစိုးသိန်းအေးနှင့် ၎င်း၏ဇနီးအပြင် အသက်
ငါးနှစ်နှင့်လေးနှစ်အရွယ် ကလေးငယ်နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း
လိပ်သိုမြို့နယ်ရဲစခန်းမှသတင်းရရှိသည်။
““ရော်ဘာခြံတွေက
အကျယ်ကြီးတွေဆိုတော့ မီးလောင်သွားတာတောင် ဘေးနားမှာရှိတဲ့ခြံတွေက မသိဘူး။
မနက်ကျမှသိလို့ စခန်းကို သတင်းပို့တာပါ။ သေဆုံးခဲ့တဲ့သူတွေအားလုံး
ဆေးရုံကိုပို့ပြီး စစ်ဆေးနေတုန်းပါ””ဟု လိပ်သိုမြို့နယ်ခွဲရဲစခန်းမှ
ရဲအရာရှိတစ်ဦးကပြောသည်။
လိပ်သိုမြို့နယ်ခွဲ ကျမိုင်း
ကျေးရွာအုပ်စုတွင် နေထိုင်သူတစ်ဦးက ၎င်းတို့ဒေသတွင်
လက်နက်ကိုင်အဖွဲ့အစည်းအချို့ လှုပ်ရှားနေပြီး မိသားစုဝင်အားလုံး
မီးလောင်သေဆုံးခဲ့ရသည့် ဖြစ်စဉ်ကို အံ့သြတုန်လှုပ်မိကြောင်း ပြောသည်။
““ကလေးတွေသေတဲ့အပြင်
လူကြီးကပါ ကိုယ်လွတ်ရုန်းပြီး မပြေးနိုင်တာကတော့
ပုံမှန်အခြေအနေမဟုတ်ပါဘူး။ အဖွဲ့အစည်းတစ်ခုခုနဲ့ ပတ်သက်မိပြီး
မိသားစုလိုက်လုပ်ကြံခံရတာလို့ ယူဆပါတယ်။ ဒေသခံရွာသားတွေကတော့
စိုးရိမ်နေကြတယ်””ဟု ပြောသည်။
နိုဝင်ဘာ ၂၁ ရက်ကဖြစ်ပွားခဲ့သည့်
ဖြစ်စဉ်ကို အသေးစိတ် စစ်ဆေးဖော်ထုတ်နိုင်ရန် စုံစမ်းမှုများပြုလုပ်နေပြီး
ယခုလောလောဆယ်တွင် သေမှုသေခင်းအမှုဖွင့်ထားကြောင်း
လိပ်သိုမြို့နယ်ခွဲရဲစခန်းမှ သတင်းရရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၆
ရက် ကလည်း ရှမ်းပြည်နယ်မြောက် ပိုင်းမူဆယ်မြို့နှင့် ခုနစ်မိုင်အကွာရှိ
ဆယ်လန့်ရွာတွင် လက်ဖက်စိုက်ခင်းအတွင်း နေထိုင်သည့် လီဆူးလူမျိုး
မိသားစုဝင်သုံးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ရပြီး ယင်းအမှုကို
မူဆယ်ရဲစခန်းမှ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
7day Daily
Monday, November 25, 2013
ရော်ဘာခြံအတွင်း မိသားစုဝင်လေးဦး မီးလောင်ဒဏ်ရာများဖြင့် သေဆုံးနေ
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...