ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံရွာသားများအား
ယာတောသွားရာလမ်းကို ပိတ်ကာ ဆောက်လုပ်ထားပြီး ရဲကင်းရွှေ့ရန်နှင့်
လုံခြုံရေးများ ဖယ်ရှားပေးရန်
တောင်းဆိုမှုကြောင့် သေနတ်နှင့် ပစ်ခတ်သည်အထိ ပဋိပက္ခဖြစ်ပွားခဲ့သော
ရဲကင်းကို နိုဝင်ဘာ ၁၈ ရက် ည ၉ နာရီခန့်က အခြားနေရာသို့
ရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။
မုံရွာ-ပုသိမ်လမ်းမပေါ်ရှိ မိုးကြိုးပြင် တောင်ရွာအနီးတွင် နိုဝင်ဘာ ၁၈ ရက်နေ့ ၂နာရီဝန်းကျင်မှ စတင်၍ ရွာသူရွာသားများက ဆန္ဒပြကာ ရဲကင်းများ ဖယ်ရှားရေးတို့ တောင်းဆိုဆန္ဒပြခဲ့ပြီး ညနေ ၄ နာရီဝန်းကျင်တွင် အင်ကြင်းတောင် သပိတ်စခန်း ဦးဆောင်ကာ ဆန္ဒပြခဲ့သူ ဆရာတော် ဦးဝိမလ (ခ) ဦးသုကြွရောက်လာပြီး နယ်လုံဝန်ကြီး ဦးကြည်နိုင်နှင့် ခေတ္တတွေ့ဆုံ ဆွေးနွေးခဲ့သည်။ ထို့သို့ တွေ့ဆုံဆွေးနွေးပြီးနောက် နယ်လုံဝန်ကြီး ဦးကြည်နိုင်က ရွာသားများ တောင်းဆိုချက်အတိုင်း မိုးကြိုးပြင် ရွာထိပ်ရှိ ရဲကင်းကို ဖယ်ရှားပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
"နယ်လုံဝန်ကြီး ဦးကြည်နိုင်က ဆန္ဒပြ ရွာသားတွေကို ရဲကင်းဆောက်တာ အင်ကြင်းတောင် သပိတ်စခန်းကြောင့်လို့ ပြောခဲ့ပြီး နောက်တော့ ရဲကင်းကို ဖယ်ရှားပေးမယ်လို့တော့ ပြောခဲ့တယ်။ ဒီည ၉နာရီကျော်ကျော်လောက်ကစပြီး ရဲကင်းကို ရွှေ့ခဲ့တာဖြစ်ပြီး လုံခြုံရေးတွေတော့ ချထားတုန်းပါပဲ။ မိုးကြိုးပြင် ရွာသူရွာသားတွေကလည်း ရဲကင်းနေရာနဲ့ မျက်နှာချင်းဆိုင် မိုးကြိုးပြင်ရွာထိပ်မှာ လုံခြုံရေး ကင်းတဲတစ်ခုကို ဆောက်ပြီး ညပိုင်းအထိ ရှိတုန်းပဲ ဖြစ်ပါတယ်။ မနက်ရောက်ရင် ရွှေ့သွားတဲ့ ရဲကင်းနေရာကနေ ရွာသားတွေကို ဖြတ်သန်းခွင့် ပြု မပြုတော့ မသိသေးပါဘူး"ဟု မိုးကြိုးပြင် ဒေသခံတစ်ဦးက ပြောကြားသည်။
လက်ပံတောင်းဒေသ မိုးကြိုးပြင်ရွာထိပ်ရှိ ရဲကင်းအား နိုဝင်ဘာ ၁၈ ရက် ညက ဖယ်ရှားနေစဉ် (ဓာတ်ပုံ - အောင်သူ)

by weeklyeleven
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...