<div style='background-color: none transparent;'></div>

Friday, November 8, 2013

မုန်းချောင်းနှင့် မန်းချောင်း ရေလျှံမှုကြောင့် လယ်ပိုင်ရှင်များ ဆန်ဝယ်ယူ စားသုံးနေရ

8.1.1
မကွေးတိုင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းတိုက်နယ်မြို့ရှိ ချောင်းရေလျှံမှုကြောင့် ပျက်စီးနေသော စပါးခင်းများအား တွေ့ရစဉ်
အောက်တိုဘာ လကုန်ပိုင်းက မိုးအဆက်မပြတ် ရွာသွန်း၍ မုန်းချောင်းနှင့် မန်းချောင်းတို့မှ ရေလျှံကာ နှစ်ကြိမ်ဆက် ရေနစ်မြုပ် ခဲ့သောကြောင့် မကွေးတိုင်း ပွင့်ဖြူမြို့နယ် လယ်ကိုင်းတိုက်နယ် အတွင်းရှိ ရိတ်သိမ်းခါနီး လယ်ဧက ၂၀၀၀ ခန့် ပျက်စီးခဲ့ကာ လယ်ပိုင်ရှင်များ ဆန်ကိုပြန်လည် ၀ယ်ယူစားသုံး လာရကာ စပါးဈေးနှင့် ဆန်ဈေးများ မြင့်တက်လာကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။
ယင်းလယ်မြေများ အတွင်း မိုးစပါးအဖြစ် မနောသုခ၊ ဧရာကျောက်စိမ်းစသည့် စပါးမျိုးများအား စိုက်ပျိုးခဲ့ရာ စပါးပင်များ အနှံမြိုင်ချိန် သီးလုံးထည့်ချိန်တွင် လယ်မြေများပေါ် ခြောက်ပေခန့်အထိ ငါးရက်ကြာ ရေမြုပ်ခဲ့သောကြောင့် လုံးဝမရိတ်သိမ်း ရတော့သည်အထိ ပျက်စီးမှုများ ရှိခဲ့ကြောင်း ထိုသို့ပျက်စီးခဲ့မှုကြောင့် စပါးဆုံးရှုံးမှုအပြင် နွားစာအတွက် ကောက်ရိုးများပါ ဆုံးရှုံးခဲ့ရကြောင်း ဒေသခံများက ပြောကြားသည်။
''ဒီလိုပျက်စီးတဲ့အထိ ရေနစ်တာတော့ မကြုံဖူးသေးဘူး။ ကျွန်တော့် လယ်ရှစ်ဧကကျော်က ဘာမှမရိတ်သိမ်း လိုက်ရဘူး။ အခုနွားစာအတွက် သူများယာမြေထဲမှာ ငှားကြဲထားရတယ် ဆန်ကိုလည်း တစ်ပြည် ကျပ် ၁၅၀၀ နဲ့ ပြန်ဝယ်စားရတယ် အရင်က ဆန်ဈေးဒီလောက်ထိ မတက်ဖူးဘူး'' ဟု လယ်ကိုင်းမြို့ဟောင်းမှ စပါးခင်း ပျက်စီးခဲ့သည့် လယ်ပိုင်ရှင် တစ်ဦးက ပြောကြားသည်။
လယ်ကိုင်း တိုက်နယ်အတွင်း ယခင်နှစ်များက စပါးပေါ်ချိန်တွင် တစ်တင်းကျပ် ၄၀၀၀ ၀န်းကျင်သာ ဈေးရှိခဲ့သော်လည်း ယခုနှစ်တွင် ကျပ် ၅၆၀၀ အထိ ဈေး မြင့်တက်လာခဲ့ကြောင်း ယင်းဒေသတွင် စပါးတစ်ဧက စိုက်ပျိုးရန် မျိုးစေ့ဖိုး လုပ်သားခနှင့် ဓာတ်မြေသြဇာဖိုးများ အပါအ၀င် ကျပ်တစ်သိန်းခွဲကျော် ကုန်ကျလေ့ ရှိခဲ့သောကြောင့် လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းနှုန်း ထုတ်ချေးထားသည့် စိုက်ပျိုးစရိတ် ချေးငွေများ ပြန်လည်ပေးသွင်းရန် အခက်အခဲများ ကြုံတွေ့နေရကြောင်း စပါးခင်း ရေနစ်မြုပ် ပျက်စီးခဲ့သည့် ဒေသခံ တောင်သူများထံမှ သိရသည်
by weeklyeleven

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...