<div style='background-color: none transparent;'></div>

Wednesday, November 13, 2013

ကုန်တင် ရေယာဉ်တစ်စီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ရှစ်ဦးဒဏ်ရာရရှိကာ တစ်ဦးသေဆုံး

A.13-11
မီးလောင်ကျွမ်းခဲ့သော စန္ဒာမင်း မော်တော်ယာဉ်အား မီးသတ်တပ်ဖွဲ့များမှ ၀ိုင်းဝန်းငြှိမ်းသတ်နေစဉ်
မန္တလေးမြို့ ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ကုန်တင် ရေယာဉ်တစ်စီးသည် နိုဝင်ဘာ ၁၂ ရက် မွန်းတည့်အချိန်ခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကာ လူရှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး တစ်ဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနမှ စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၂ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်က မန္တလေး ဧရာဝတီမြစ် မရမ်းခြံဆိပ်ကမ်းအကွက် (၂၂၀) တွင် ဆိုက်ကပ်ထားသည့် စန္ဒာမင်းမော်တော် ထီးချိုင့်-မန္တလေး ကုန်တင်ရေယာဉ် အလျား ၁၀၀ ပေ၊ အနံ ၂၂ ပေ၊ ရေစူးခြောက်ပေ ၀မ်းဗိုက်အတွင်း၌ အင်ဂျင်ဂီယာဘောက် ပြုပြင်နေစဉ် မမြင်ရ၍ မီးစက်နှိုးရာမှ မီးစတင် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းရာ နေရာသို့ မီးငြှိမ်းသတ်ယာဉ် ၄၈ စီး၊ အုပ်ချုပ်မှု ယာဉ်နှစ်စီး၊ သန္ဓေ ၆၂ ဦး၊ အရန် ၂၄၀ ဦး၊ ကြက်ခြေနီ ၇၀ ဦးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ကြရာ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းမီးလောင်ရာတွင် ဖုန်းဆေးရည် ၆၅ ဂါလံနှင့် ရေ ၁၂၀၀၀ ဂါလံခန့်ဖြင့် အသုံးပြု မီးငြိမ်းသတ်ခဲ့ကြောင်းလည်း သိရသည်။
"မီးစတင် လောင်တဲ့အချိန်မှာ ၀ုန်းဆိုတဲ့ အသံကို ကြားလိုက်တာကြောင့် အစက ဗုံးကွဲသွားတယ်လို့ပဲ ထင်လိုက်တာ။ နောက်မှ မီးတောက်တွေနဲ့ မီးခိုးတွေ တက်လာတာကြောင့် မီးလောင်တယ်လို့ သိလိုက်ပါတယ်။ မီးစလောင်တဲ့အချိန်က မွန်းတည့် ၁၂ နာရီကျော် အချိန်လောက်မှာပါ။ မီးမလောင်ခင် အချိန်က မော်တော်ပေါ်ကို ဆီပေပါတွေ တင်နေတာလည်း တွေ့လိုက်တယ်။ အဲဒီနောက်မှာ ပေါက်ကွဲသံတွေကြားပြီး မီးလောင် သွားတာကို မြင်လိုက်ပါတယ်"ဟု မီးလောင်သည့် နေရာအနီးတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
မီးလောင်မှုကြောင့် လူရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးသူတစ်ဦးမှာ အသက် (၄၀) အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးဖြစ်ပြီး မော်တော်ဝမ်းဗိုက်အတွင်း၌ သေဆုံးလျက် တွေ့ရှိခဲ့ခြင်းကြောင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ပေးခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး မီးသတ်ဦးစီးဌာန၏ အစီရင်ခံစာအရ သိရသည်။ ယင်းမီးလောင်ကျွမ်းမှုကြောင့် အမျိုးသားခုနစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ အသီးသီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ အမျိုးသားခုနစ်ဦးတွင် ချမ်းငြိမ်း (၂၉)နှစ်တွင် ခြေထောက်လက် မီးဟပ်ဒဏ်ရာနှင့် ဦးတင်ယု (၄၃) နှစ်တို့နှစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းမှုကြောင့် ကုန်တင်ရေယာဉ်တန်ဖိုး သိန်း ၈၀၊ ဓာတ်ဆီပေပါလေးလုံး၊ ဒီဇယ်ပေပါ ခြောက်လုံးနှင့် အခြားကုန်ပစ္စည်း ၃၂ သိန်း စုစုပေါင်း ၁၁၂ သိန်း တန်ဖိုးခန့် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။ အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်စဉ်အား ပုသိမ်ကြီးမြို့နယ် ရဲစခန်းမှ (ပ) ၁၉၉/၂၈၅/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
by weeklyeleven

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...