<div style='background-color: none transparent;'></div>

Saturday, November 16, 2013

ဖားကန့်တွင် ရွှေကျင်းပြို၍ တစ်ဦးသေ၊ လေးဦး ပျောက်ဆုံး

မြန်မာနိုင်ငံ၏ နာမည်ကျော် ကျောက်စိမ်း ထွက်ရှိရာ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာရှိ တရားမဝင် တူးဖော်နေသော ချမ်းသာရေး မှော်ရွှေကျင်း တစ်ခုတွင် နိုဝင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်က ပြိုကျမှု ဖြစ်ပွားရာ ရွှေကျင်း တူးဖော်သူတစ်ဦး သေဆုံး၍ လေးဦး ပျောက်ဆုံးလျက် ရှိကြောင်း ဒေသခံ ရွှေလုပ်ငန်းရှင်များက The Voice သို့ ဆက်သွယ် ပြောကြားသည်။
“မနေ့ညထိ ရှာတာ တစ်လောင်းပဲ တွေ့တယ်။ မိုးချုပ်သွားလို့ မနက်က ဆက်ရှာတာ အခုထိ မတွေ့သေးဘူး” ဟု ဆယ်ဇင်း ကျေးရွာရှိ ရွှေလုပ်ငန်းရှင် တစ်ဦးက ဆိုသည်။

ရှာဖွေတွေ့ရှိသော အလောင်းမှာ ရခိုင်ပြည်နယ်မှ လာရောက်တူးဖော်သည့် ဦးသန်းထွန်း ဆိုသူ ဖြစ်ပြီး ပျောက်ဆုံးနေသူ များမှာ ဦးကျော်မင်း (ကန့်ဘလူ) ၊ ဦးမြင့်သိန်း (ကန့်ဘလူ) ၊ ဦးချိုတူး (ဒီပဲယင်းမြို့) နှင့် ဦကျော်ဆန်း (မုံရွာမြို့) တို့ဖြစ်ပြီး နိုဝင်ဘာ ၁၄ ရက် နေ့လယ် ၁၂ နာရီအထိ ရှာမတွေ့သေးကြောင်း ၎င်းက ရှင်းပြသည်။

ဆယ်ဇင်းဈေးအတွင်း ရွှေဆိုင်ဖွင့် လှစ်ထားသူတစ်ဦးက “ကျင်းပြိုတော့ ၁၀ ယောက် ထိတယ်။ ငါးဦးကတော့ တာမခံဆေးရုံမှာ ပို့ထားတယ်” ဟု ဆိုသည်။

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဟောင်းပါးအုပ်စု အတွင်းတွင် သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားဝင် ရွှေတူးဖော်သည့်ကုမ္ပဏီ နှစ်ခုသာရှိပြီး တရားမဝင် တူးဖော်သည့် ကုမ္ပဏီ ၁၀၀ ၀န်းကျင် ရှိကြောင်း ရွှေလုပ်ငန်းရှင်တို့၏ အဆိုရသည်။

ဟောင်းပါးကျေးရွာအုပ်စု ဆယ်ဇင်း ကျေးရွာများ အနီးတစ်ဝိုက်တွင် တရားမဝင် ရွှေတူးဖော်သူများသည် မြေတူးသည့် စက်ယန္တရားများကို အချိန်ပိုင်း ငှားရမ်းကာ လုပ်ဆောင်ခြင်း ဖြစ်ပြီး တစ်နာရီ ကျပ်တစ်သိန်း ဝန်းကျင်ခန့် ပေးရကြောင်း ရွှေလုပ်ငန်းရှင်များထံမှ စုံစမ်းသိရသည်။

by myawady

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...