<div style='background-color: none transparent;'></div>

Thursday, November 28, 2013

တရားမ၀င် သစ်ခိုးထုတ်မှုများကြောင့် ချပ်သင်းဘေးမဲ့တောအား ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် စီစဉ်

ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့နယ်နှင့် ကောလင်းမြို့နယ်အတွင်း၌ တည်ရှိသော ချပ်သင်း ဘေးမဲ့တောအား တရားမ၀င် သစ်ခိုးထုတ်မှု များပြားလာသည့်အတွက် ပုဒ်မ ၁၄၄ ထုတ်ပြန်သွားရန် စီစဉ်လျှက်ရှိကြောင်း သိရသည်။

"လောလောဆယ် မြို့နယ်အုပ်ချုပ်ရေးပိုင်းနဲ့ ပြောထားတာရှိတယ်။ ညနေ ၆ နာရီကနေ မနက် ၆ နာရီထိပေါ့။ ပုဒ်မ ၁၄၄ က ၁၉၉၆ ခုနှစ်ဝန်းကျင်က ထုတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ အိတ်ဇ်တန်းရှင်း ထပ်မတိုးတော့ အလိုလို ပျက်ပြယ်သွားတာ" ဟု ချပ်သင်း ဘေးမဲ့တော အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

သစ်တောဧရိယာ ၆၆၂၇၃ ဧကရှိသော ချပ်သင်း ဘေးမဲ့တောတွင် တရားမ၀င် သစ်ခိုးထုတ်မှု များပြားခြင်း၊ တောင်ယာခုတ်ထွင်ခြင်းများကြောင့် သိပ်သည်းဆ နည်းပါးလာကြောင်း သိရပြီး ဘေးမဲ့တောရှိ ရွှေသမင် အရေအတွက်မှာလည်း နှစ်နှစ်ဆက် လျော့ကျခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ဟိုးအရင်တုန်းက ရွှေသမင်အရေအတွက်က သုံးထောင်ကျော်ထိ ရှိခဲ့တယ်။အခုလက်ရှိတော့ ၁၁၀၀ ၀န်းကျင်ပဲ ကျန်တော့တယ်။ ရာသီဥတုကြောင့်ရယ်၊ မုဆိုးတွေရန်ကြောင့်ရယ် သမင်ကောင်ရေ လျော့နည်းသွားတာပါ " ဟု ချပ်သင်းဘေးမဲ့တော ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ချပ်သင်း ဘေးမဲ့တောသည် မြန်မာနိုင်ငံတွင် သဘာဝအတိုင်း ကျန်ရှိသည့် တစ်ခုတည်းသော အင်တိုင်းတောတစ်ခုဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ခန့်က သဘာဝ အင်တိုင်းတောဖြစ်သော ယင်းခဲကြိုးဝိုင်းမှာ ဂရိတ်ဝေါ သကြားစက်ရုံ၏ ကြံစီမံကိန်းကြောင့် လုံးဝပျက်စီးသွားခဲ့ရပြီ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ချပ်သင်းဘေးမဲ့တောအား ပုဒ်မ ၁၄၄ ထုတ်ပြန်ရန် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဒေါက်တာ မြင့်နိုင်က လွှတ်တော်သို့ တင်ပြပေးသွားမည် ဖြစ်ကြောင်းနှင့် ဘေးမဲ့တော အနီးတစ်ဝိုက်ရှိ ကျေးရွာများအား ပညာပေးအစီအစဉ် စတင်နေပြီ ဖြစ်ကြောင်း သိရသည်။

(ချပ်သင်းဘေးမဲ့တောကို တွေ့ရစဉ်)

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...