<div style='background-color: none transparent;'></div>

Friday, December 6, 2013

မိကျောင်းကန် သပိတ်စခန်း စစ်တပ်ဝိုင်း

တပ်မတော်က သိမ်းယူထားသည့် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ရပ်ကွက်၊ ဝေဇယန္တာ လမ်းပေါ်ရှိ မိကျောင်းကန် အပိုင်း (၁၊ ၂၊ ၃) မြေကွက်များအရေး အစိုးရက ဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်နေသည့် လူအင်အား ၂၀၀ ခန့်ရှိသည့် သပိတ်စခန်းကို တပ်မတော် တပ်ရင်းတစ်ခုက ဝိုင်းရံ စောင့်ကြည့်နေကြောင်း သပိတ်စခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ စောင့်ကြည့်နေသည့် တပ်ဖွဲ့သည် မြန်မာ့တပ်မတော် အင်ဂျင်နီယာတပ်ရင်း (GE) တပ်မှဟု သိရပြီး မိကျောင်းကန် အပိုင်း (၁) ရှိ သပိတ်စခန်း ဖွင့်လှစ်ရာ မြစာရံအေးစေတီ ဘုရားဝင်း၏ နောက်ကျော ဘက်သို့ ယာဉ် ၁၀ စီးဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၁၁ နာရီ ဝန်းကျင်က ရောက်ရှိလာပြီး သပိတ်စခန်း၏ ဝဲ၊ ယာနှင့် နောက်ကျော ဘက်မှ နေရာယူ စောင့်ကြည့်နေကြောင်း၊ အင်အား ၂၀၀ ဝန်းကျင်ခန့် ပါဝင်မည်ဟု ယူဆရကြောင်း သပိတ်ခေါင်းဆောင် ဖြစ်သူ ဦးဇော်ထွန်းက ပြောကြားသည်။

ယင်းကဲ့သို့ တပ်မတော်သားများ ချထားရခြင်းမှာ မကြာမီ ရန်ကုန်မြို့တွင် ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ လုံခြုံရေးအတွက် ဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောဆိုထားကြောင်း မိကျောင်းကန်အရေး ကြားဝင် စေ့စပ်ပေးနေသည့် ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစုအဖွဲ့မှ ဦးသိန်းအောင်မြင့်က ပြောကြားသည်။

ယင်းကဲ့သို့ လုံခြုံရေး ချထားမှုနှင့် ပတ်သက်၍ သပိတ်စခန်းသို့ မည်သည့် အကြောင်းကြားမှုမှ မရှိကြောင်း သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ မနေနွယ်သန်းက ပြောကြားသည်။

သပိတ်စခန်း စတင်ဖွင့်လှစ်သည့် အချိန်မှစ၍ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးဝန်းကျင် နေ့စဉ် စောင့်ကြည့်ခဲ့ပြီး ယနေ့ (ဒီဇင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့အင်အား ၄၀ ခန့်ထိ တိုးမြှင့်ချထားခဲ့ကြောင်း သပိတ်ခေါင်းဆောင်များထံမှ သိရသည်။

အဆိုပါ နယ်စပ်ရေးရာ ဝန်ကြီးထံသို့ The Voice မှ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း တစ်စုံတစ်ရာ ပြန်လည် ဖြေဆိုခြင်း မရှိပေ။

သပိတ်စခန်း ဖွင့်လှစ်ရာ မြစာရံအေးစေတီ ဘုရားဝင်း အုတ်တံတိုင်း ကာရံခြင်း၊ လုပ်ငန်းခွင်အတွက် ကျန်ရှိနေသည့် အစိတ်အပိုင်းများကို ထပ်မံလုပ်ဆောင်ရန် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ လာရောက် ချထားခြင်းကို ကန့်ကွက်နေမှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာ နှောင့်ယှက်ခြင်း မပြုရန် သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ကြေညာ ထားကြောင်း သပိတ်ခေါင်းဆောင်များက ဆိုသည်။

ယင်းအပြင် ယနေ့ည (ဒီဇင်ဘာ ၅ ရက်) တွင် သပိတ်စခန်းကို ဖြိုခွင်း ဖမ်းဆီးရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က အမိန့်ထုတ်ပြန် ထားသည်ဆိုသော သတင်းများ ထွက်ပေါ်လျက် ရှိကြောင်း ၎င်းတို့က ထပ်မံပြောကြားသည်။

မိကျောင်းကန် ပြဿနာနှင့် ပတ်သက်၍ အစိုးရ၊ တပ်မတော်နှင့် သိမ်းဆည်းခံ ပြည်သူများ သုံးပွင့်ဆိုင် တွေ့ဆုံ ဖြေရှင်းနိုင်ရန် ကြိုးစားသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ စုံစမ်းစိစစ်ရေး ကော်မတီမှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်းနှင့် ဦးခိုင်မောင်ရည်တို့ သပိတ်စခန်းသို့ လာရောက် တွေ့ဆုံ ပြောကြားခဲ့သည်။

မိကျောင်းကန်အရေး ဦးဆောင် လှုပ်ရှားသူများကို ပုဒ်မ ၁၈ ဖြင့် ဖမ်းဆီး ထောင်ချထားသူများ ပြန်လွှတ်ပေးရန်၊ ယင်းမြေပေါ်ရှိ အဆောက်အအုံများ ဖယ်ရှားပေးရန်၊ ၎င်းတို့ သပိတ်စခန်းချရာ မြစာရံအေးစေတီ ဘုရားကို ၂၄ နာရီ ဖူးမြော်ခွင့်ပေးရန်၊ သိမ်းယူထားသည့် မြေကွက်များနှင့် ပတ်သက်၍ အစိုးရ တာဝန်ရှိသူများ အနေနှင့် ဖြေရှင်းပေးရန် အပါအဝင် အချက်ခုနစ်ချက် တောင်းဆိုထားပြီး မရရှိပါက အဆိုပါ နေရာတွင်ပင် အသက်အသေခံ သပိတ်ဆင်နွှဲသွားမည် ဖြစ်ကြောင်း မြေကွက်သိမ်းဆည်းခံ မိကျောင်းကန် ပြည်သူများက ကြေညာထားသည်မှာ ယခုဆိုလျှင် ၁၀ ရက်တိုင်ခဲ့ပြီ ဖြစ်သည်။
 
by the voice weekly

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...