ပရီးမီးယားလိဂ် ပွဲစဉ် ၁၄ အဖြစ် မန်ချက်စတာယူနိုက်တက်အသင်းနှင့်
အဲဗာတန်အသင်းတို့ဟာ အိုးထရက်ဖို့ဒ် ကွင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြပါတယ်။ မန်ယူနိုက်တက်
နည်းပြ မိုယေးစ်နှင့် ကွင်းလယ်လူ ဖလေနီတို့ဟာ အသင်းဟောင်းကို ပထမဆုံး
အကြိမ် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ မန်ယူကွင်းမှာ အနိုင်မခဲ့တာ
ကြာခဲ့ပြီ ဖြစ်ပေမယ့် နည်းပြသစ် မာတီနက်ဇ်နှင့် အဆင်ပြေနေပြီး ရာသီအစ
ခြေစွမ်း ကောင်းများ ပိုင်ဆိုင်နေတဲ့ အဲဗာတန်အသင်းဟာ ယနေ့ပွဲစဉ်မှာ
အိုးထရက်ဖို့ဒ် ကျိန်စာကို ပါယ်ဖျက်နိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။
မန်ယူနိုက်တက်အနေနဲ့လည်း ဒီနေ့ပွဲ ရလာဒ်မကောင်းခဲ့ရင် ချန်ပီယံဆုကို
ကာကွယ်ဖို့ အခွင့်အလမ်းနည်းသွားတော့မှာ ဖြစ်တဲ့အတွက် အနိုင်ရဖို့
လိုအပ်နေတဲ့ အနေအထား ဖြစ်ပါတယ်။
ပွဲထွက် ကစားသမားအဖြစ် မန်ယူနိုက်တက်မှာ ဒီဂီအာ၊ ရာဖေးလ်၊ စမောလင်း၊ ဗီဒစ်၊ အီဗရာ၊ ဗလင်စီယာ၊ ဖလေနီ၊ ရိုင်ယန်ဂစ်၊ ကာဂါဝါ၊ ရူနီနှင့် ဝဲလ်ဘတ်တို့ ပွဲထွက်လာပါတယ်။ အဲဗာတန်အသင်းမှာတော့ တင်ဟောင်းဝပ်၊ အိုစ်ဗီဒို၊ ဂျက်ဂီယယ်ကာ၊ ဒစ်စ်တင်၊ ကိုးလ်မန်း၊ မက်ကာသီ၊ ဘယ်ရီ၊ မီရာလက်စ်၊ ဘာ့က်လေ၊ ပီနားနှင့် လူကာကူတို့ ပါဝင်လာပါတယ်။
ပွဲချိန် ၇ မိနစ်မှာ လူကာကူတစ်ယောက် ကန်သွင်းခွင့် ခဲ့ပေမယ့် ဗီဒစ်နဲ့ ထိပြီး ဂိုးပေါက် မတည့်ခဲ့ပါဘူး။ အဲဒီက တစ်ဆင့် ရတဲ့ ဒေါင့်ကန်ဘောကို ပီနား လှမ်းကန်တင်ပေးပြီး အဲဗာတန် တိုက်စစ်မှူး တစ်ယောက် ခေါင်းတိုက်သွင်းတာကို ရိုင်ယန်ဂစ် တိုင်ဘေးနားကနေ ဖျက်ထုတ်လိုက်ရပါတယ်။ ဆက်တိုက်ပဲ မာရီးလက် အဝေးက လှမ်းကန်ချက်ဟာ အမ်း ပြင်းထန်ခဲ့တဲ့အတွက် ဒီဂီအာ ပုတ်ထုတ် ကာကွယ်လိုက်ရပါတယ်။ အိုးထရက်ဖို့ဒ်မှာ ကစားတဲ့ ပွဲ ဖြစ်ပေမယ့် မန်ယူနိုက်တက်အနေနဲ့ အထနှေးနေပြီး ပွဲအစပိုင်းမှာ အဲဗာတန်အသင်းက အသာစီး နေခဲ့ပါတယ်။
ပွဲချိန် ၁၅ မိနစ်မှာတော့ မန်ယူနိုက်တက်အနေနဲ့ ဂိုးရနိုင်ဖို့ အခွင့်အလမ်းကောင်း တစ်ခု ရခဲ့ပါတယ်။ အီဗရာ ဆီက ထွက်လာတဲ့ ဘောလုံးကို ရူနီက အနီးကပ် အပြင်းကန်သွင်းခဲ့ပေမယ့် တင်ဟောင်းဝပ် ကာကွယ်လိုက်နိုင်တာ ဖြစ်ပါတယ်။ မိနစ် ၂၀ မှာ ကိုးလ်မန်းရဲ့ ဖြတ်တင်မှု တစ်ခုဟာ ကောင်းမွန်ခဲ့ပေမယ့် ဂိုးရှေ့မှာ ပိတ်သွင်းမယ့်လူ မရှိတဲ့အတွက် ဒီဂီအာ တစ်ယောက်တည်း အေးဆေး ဖမ်းယူလိုက်နိုင်ပါတယ။်
ပွဲချိန် ၁၅ မိနစ်လောက်အထိ အဲဗာတန် ကစားကွက်အောက်မှာ နစ်မြုပ်နေတဲ့ ယူနိုက်တက်ဟာ ၁၅ မိနစ် နောက်ပိုင်းမှာမှ ပြန်လည် အသက်ဝင်လာပြီး ၂၁ မိနစ်မှာမှာ မန်ယူနိုက်တက် ဂိုးရဖို့ အတော်နီးစပ်ခဲ့ပါတယ်။ ဝဲလ်ဘတ်၊ အီဗရာတို့ တွဲလုံးကနေ တစ်ဆင့် ထွက်လာတဲ့ ဘောလုံးကို ကာဂါဝါ ဂိုးသမားနှင့် တစ်ယောက်ချင်းတွေ့ပြီး ကန်သွင်းခွင့် ရခဲ့ပေမယ့် တင်ဟောင်းဝပ် ကာကွယ်လိုက်နိုင်ပြန်ပါတယ်။ အနှေးပြန်ကွက်မှာတော့ ကာဂါဝါ လူကျွံနေတဲ့ အနေအထားရှိနေခဲ့ပါတယ်။ ၂၃ မိနစ်မှာလည်း ဗလင်စီယာ မတင်ပေးလိုက်တဲ့ ဘောလုံးကို ရိုင်ယန်ဂစ် ခေါင်းတိုက် သွင်းရာမှာ တင်ဟောင်းဝပ် ငေးကြည့်နေရပေမယ့် ဂိုးတိုင်နားက ကပ်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
၂၈ မိနစ်မှာလည်း ယူနိုက်တက် ဂိုးရလု အနေအထားပါပဲ။ ရိုင်ယန်ဂစ် ဖန်တီးပေးလိုက်တဲ့ ဘောလုံးကို ဝိန်းရူနီ အဝေးကနေ လှမ်းကန်သွင်းလိုက်တဲ့ ဘောလုံးဟာ ဂျက်ဂီယယ်ကာနှင့် ထိပြီး လမ်းကြောင်းပြောင်းသွားတဲ့အတွက် တင်ဟောင်းဝပ် ဘယ်လိုမှ မကာကွယ်နိုင်တော့ပေမယ့် တိုင်မှန်ပြီး ပြန်ထွက်လာခဲ့တဲ့အတွက် ယူနိုက်တက်တို့ ဂိုးကံခေခဲ့တာ ဖြစ်ပါတယ်။
၃၀ မိနစ်မှာတော့ ပယ်နယ်တီ ပေးရဖို့ အနေအထား တစ်ရပ် ဖြစ်ခဲ့ပါသေးတယ်။ ပယ်နယ်တီ ဧရိယာထဲမှာ ဂျက်ဂီယယ်ကာ တစ်ယောက် လက်ထိမိခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် မာတင် အက်ကင်ဆန်ကတော့ ပယ်နယ်တီ ပေးဖို့ ငြင်းခဲ့ပါတယ်။ အနေအထားက မတော်တဆ ထိမိခဲ့တဲ့ အနေအထားဖြစ်တဲ့အတွက် ပယ်နယ်တီ ပေးဖို့ ငြင်းဆန်နိုင်ခွင့် ရှိသလို ရှေ့တည့်တည့်က ဘောလုံးကို ထိမိခဲ့တာ ဖြစ်တဲ့အတွက်ပယ်နယ်တီ ပေးမယ်ဆိုလည်း ဖြစ်တဲ့အနေအထား ဖြစ်ပါတယ်။ ကွင်းလယ်ဒိုင် ရှင်းလင်းစွာ မြင်မှု၊ မမြင်မှုကသာ အဆုံးအဖြတ် တစ်ခု ဖြစ်ခဲ့တာပါ။
၃၇ မိနစ်မှာ ဘာ့က်လေ အဝေးကနေ လှမ်းကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဂိုးပေါက်အတော် လွဲချော်သွားခဲ့ပါတယ်။ ဆက်တိုက်ပဲ မိနစ် ၄၀ မှာ လူကာကူ ဗီဒစ်ကာထားတဲ့ ကြားထဲက အပြင်းကန်သွင်းတာ သိပ်ကို ကောင်းခဲ့ပါတယ်။ ဒီဂီအာ နေရာယူမှန်နေလို့သာ ကာကွယ်လိုက်နိုင်တာ ဖြစ်ပါတယ်။ ပေါင်ကြားထဲကနေ ကန်ထည့်သွားတဲ့ လူကာကူဟာ တိုက်စစ်မှူး တစ်ယောက်ရဲ့ အကွက်မြင်မှု
၄၂ မိနစ်မှာတော့ ယူနိုက်တက် ထိုးဖောက်လာပြန်ပါတယ်။ ကာဂါဝါ အနိမ့်ဘော ခင်းပေးလိုက်တာကို ဂိုးရှေ့တည့်တည့်ကနေ ဝဲလ်ဘတ်နှင့် ရူနီတို့ ပိတ်သွင်းဖို့ ကြိုးစားပေမယ့် လွဲချော်ခဲ့ကြပါတယ်။ နောက်ခံလူနှင့် ထိပြီး ပြန်ထွက်လာတဲ့ ဘောလုံးကို ရူနီ နောက်ပြန် ကန်သွင်းခဲ့ပေမယ့် တင်ဟောင်းဝပ် ဖမ်းယူလိုက်နိုင်ပါတယ်။
ပထမပိုင်း ကစားပုံအရ ကစားကွက်ပိုင်းမှာ ယူနိုက်တက်က အနည်းငယ် အသာစီး ရခဲ့ပါတယ်။ ဂိုးပေါက်တည့်အောင်စွမ်းဆောင်နိုင်မှုမှာလည်း ယူနိုက်တက်က အသာရခဲ့ပါတယ်။ အဲဗာတန်အသင်းအနေနဲ့ ပွဲစကတည်းက တင်လာတဲ့ အရှိန်ကို ဆက်မထိန်းနိုင်ခဲ့တဲ့အတွက် ၁၅ မိနစ်နောက်ပိုင်းမှာတော့ ယူနိုက်တက်က ပြန်လည် အသာစီး ရသွားခဲ့တာ ဖြစ်ပါတယ်။ ယူနိုက်တက်ရဲ့ ဂိုးကံခေမှုတွေ ရှိခဲ့သလို အဲဗာတန်အသင်းရဲ့ ကောင်တာ တိုက်စစ်တွေဟာလည်း အတော်ထိရောက်ခဲ့ပါတယ်။ လူကာကူ တစ်ယောက်တည်း လွတ်နေခဲ့တဲ့ အနေအထားတစ်ခုမှာ ဘာ့က်လေတစ်ယောက် ထိုးပေးခဲ့တာ အရှိန်ပြင်းထန်ခဲ့တာဟာ အဲဗာတန်အတွက် နစ်နာမှု တစ်ခုပါပဲ။ တစ်ယောက်ချင်း ကန်သွင်းဖို့ အခွင့်အရေး ရနိုင်တဲ့ အနေအထား တစ်ခုပါ။ အီဗရာ အနေနဲ့ ဒီနေ့ပွဲစဉ်မှာ ဘောလုံး အပေးအယူ ပျက်တာတွေ များနေခဲ့ပြီး ခံစစ်ပိုင်းမှာလည်း အားနည်းမှုတွေ ရှိခဲ့ပါတယ်။ ကောင်တာ တိုက်စစ်ထွက်ထွက်လာတဲ့ လူကာကူကိုလည်း ဗီဒစ်တစ်ယောက် အသည်းအသန် ထိန်းချုပ်နေခဲ့ရတာ ဖြစ်ပါတယ်။ တိုက်စစ်နှင့် ကွင်းလယ်ပိုင်း ချိတ်ဆက်မှု ကောင်းနေပေမယ့် ဝဲလ်ဘတ်နှင့် ကာဂါဝါတို့လို ခပ်ပျော့ပျော့ ကစားသမားတွေ အနေနဲ့ မာကျောတဲ့ အဲဗာတန် ခံစစ်ကို ထိုးဖောက်ဖို့ မလွယ်ကူခဲ့တာ ဖြစ်ပါတယ်။ ပွဲရဲ့ အဖြေက မန်ယူနောက်တန်း အနေနဲ့ အဲဗာတန်ရဲ့ ကောင်တာ တိုက်စစ်ကို ထိန်းနိုင်၊ မထိန်းနိုင် ဆိုတဲ့ အချက်က အဓိက ကျမယ့် အနေအထားပါ။ နှစ်သင်းစလုံးမှာ အရံအင်အား တောင့်တောင့်တင်းတင်း ရှိနေတဲ့အတွက် နည်းပြတွေရဲ့ လူစားလဲမှု၊ ကစားကွက် အပြောင်းအလဲကလည်း ပွဲရဲ့ အဖြေကို သက်ရောက်စေမှာ ဖြစ်ပါတယ်။
ဒုတိယပိုင်း ပွဲအစမှာ ယူနိုက်တက် ကန်သွင်းခွင့် တစ်လုံး ရခဲ့ပါတယ်။ အီဗရာ ကိုက် ၂၀ အကွာလောက်ကနေ လှမ်းကန်လိုက်တာ ဖြစ်ပါတယ်။ ကန်ချက်က အင်မတန် ပြင်းထန်ပေမယ့် နေရာယူမှန်နေတဲ့ တင်ဟောင်းဝပ် ပုတ်ထုတ်ကာကွယ်လိုက်နိုင်ပါတယ်။ ၄၉ မိနစ်မှာ ကာဂါဝါနှင့် ဖလေနီတို့ အဝေးကနေ လှမ်းကန်သွင်းကြပေမယ့် အဲဗာတန် နောက်ခံလူတွေနဲ့သာ ထိပြီး ပြန်ထွက်လာခဲ့ပါတယ်။
၅၄ မိနစ်မှာ မီရာလက်စ် တစ်ယောက် အဝေးကနေ ကန်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီတစ်ကြိမ်မှာလည်း ဂိုးပေါက် မတည့်ခဲ့ပြန်ပါဘူး။ ၅၇ မိနစ်မှာ ယူနိုက်တက်က ကာဂါဝါနှင့် ရာဖေးလ်ကို ထုတ်ပြီး ဂျနုဇတ်နှင့် နာနီတို့ လူစားဝင်လာပါတယ်။
ဒုတိယပိုင်း အစမှာလည်း အဲဗာတန်အသင်းက ပွဲကို စိုးမိုးထားနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ကွင်းလယ်ပိုင်းမှာ အဲဗာတန်က ဘောလုံး အချိတ်အဆက် မိမိနဲ့ ကစားနေတာကို မန်ယူ အဖျက်သမားတွေ မဖျက်နိုင်ခဲ့ကြပါတူး။ မိနစ် ၆၀ မှာ ရူနီတစ်ယောက် ကိုးလ်မန်းကို မမီမကမ်း လှမ်းကန်ခဲ့တဲ့အတွက် အဝါကဒ် ပြသခံခဲ့ရပါတယ်။ ကန်ချက်က လူကို မထိခဲ့ပေမယ့် အဝါကဒ် ပြသသင့်တဲ့ အနေအထားတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီအဝါကဒ်ကြောင့် အဝါကဒ် ပြသခံရမှု ၅ ကြိမ် ရှိခဲ့ပြီ ဖြစ်တဲ့ ရူနီဟာ တစ်ပွဲပါယ် ပြစ်ဒါဏ် ကျခံရမှာ ဖြစ်ပါတယ်။
၆၈ မိနစ်မှာ ဘာ့က်လေကို ထုတ်ပြီး တိုက်စစ်မှူး ဒလိုဖူ ဝင်ရောက်လာပါတယ်။ ဝင်လာလာချင်းမှာပဲ ၆၉ မိနစ်မှာ ဒလိုဖူ တစ်ယောက် ကောင်တာ ပေါက်ထွက်လာပြီး ဒီဂီအာနဲ့ တစ်ယောက်ချင်း ကန်သွင်းခဲ့ ရခဲ့ပါတယ်။ ဒါပေမယ့် ဒီဂီအာ ကာကွယ်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်ကလည်း ပြန်လည် ထိုးဖောက်လာပြီး ဂျနုဇတ် အဝေးကနေ လှမ်းကန်တာ ကောင်းမွန်ခဲ့ပေမယ့် တင်ဟောင်းဝပ် ပုတ်ထုတ် ကာကွယ်လိုက်နိုင်ပါတယ်။ နောက်ပိုင်းမှာတော့ လူစားဝင် ကစားသမား နှစ်ယောက်ရဲ့ လှုပ်အားနဲ့ ယူနိုက်တက် အသာစီး ပြန်ရလာပါတယ်။ မိနစ် ၇၀ မှာ ဒေါင့်ကန်ဘောကို အီဗရာ ခေါင်းတိုက်သွင်းတာကို တင်ဟောင်းဝပ် ပုတ်ထုတ်လိုက်နိုင်ပြီး ဝဲလ်ဘတ် ထပ်တိုက်ပေမယ့် ဂိုးဘားတန်းကို ထိပြီး ပြန်ထွက်လာခဲ့ပါတယ်။ ယူနိုက်တက်အတွက် ဂိုးကံခေမှု တစ်ခုပါပဲ။
နောက်ပိုင်းမှာ မန်ယူနိုက်တက်က ဖိအားပေး ကစားနိုင်လာပေမယ့် အဲဗာတန် နောက်ခံလူတွေ အကောင်းဆုံး ကာကွယ်နေနိုင်ခဲ့ပါတယ်။ ဖြတ်တင်မှု အများအပြား ရှိခဲ့ပေမယ့် အဲဗာတန် နောက်ခံလူတွေသာ ခေါင်းဦးနေခဲ့တာပါ။ ၇၉ မိနစ်မှာတော့ ပီနားအစား အော့စ်မန် ဝင်ရောက်လာသလို ဝဲလ်ဘတ်အဟာ ဟာနန်ဒက်ဇ် ဝင်ရောက်လာပါတယ်။
၈၃ မိနစ်မှာတော့ ကိုးလ်မန်းကို ဗလင်စီယာ ဖျက်ထုတ်တာ ကြမ်းတဲ့အတွက် ဧရိယာထိပ်နားမှာ ပြစ်ဒါဏ်ဘော ကန်ခွင့် ပေးရပါတယ်။ အန္တရာယ်ရှိ အနေအထားတစ်ခုပါပဲ။ ပြစ်ဒါဏ်ဘောကို ကိုးလ်မန်း ကန်သွင်းတာ သိပ်ကို ကောင်းခဲ့ပါတယ်။ ဂိုးဒေါင့်ကျဉ်းထဲကို သွားခဲ့ပေမယ့် တိုင်ထိပြီး ပြန်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။
မန်ယူနိုက်တက်အသင်းက ကစားကွက်ပိုင်း အသာစီးနဲ့ ခြိမ်းခြောက်လာပေမယ့် ဂိုးရသွားတာက အဲဗာတန်ပါ။ ၈၅ မိနစ်မှာ ဧည့်သည် အဲဗာတန်အသင်းက အဖွင့်ဂိုး သွင်းယူလိုက်နိုင်တာပါ။ လူကာကူရဲ့ ဖန်တီးပေးမှုကနေ တစ်ဆင့် အိုစ်ဗီဒို ဒေါင့်ကျဉ်းထဲကနေ ကန်သွင်းသွားတာ ဖြစ်ပါတယ်။ အချိန်ကောင်းမှာ သွင်းယူလိုက်နိုင်တာ ဖြစ်တဲ့အတွက် အဲဗာတန်အတွက် အနိုင်ရဖို့ အတော်နီးစပ်နေပါပြီ။ ဒီနောက်မှာ ယူနိုက်တက်အနေနဲ့ ထိုးဖောက်မှု အချို့ ရှိခဲ့ပေမယ့် ဂိုးပေါက်ကို ထိရောက်တဲ့ ထိုးဖောက်နိုင်မှုတော့ မရှိခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ပွဲစဉ် ပြီးဆုံးသွားတဲ့အတွက် ယူနိုက်တက်အတွက် ယခုနှစ် ဘောလုံးရာသီမှာ ၄ ပွဲမြောက် ရှုံးပွဲ ကြုံတွေ့လိုက်ရပြီ ဖြစ်ပါတယ်။
ယနေ့ကစားပုံအရ ယူနိုက်တက်အနေနဲ့ အဲဗာတန်ကို ကစားကွက် အနည်းငယ်သာ အသာစီးရခဲ့ပြီး အဲဗာတန်ရဲ့ ကောင်တာ တိုက်စစ်တွေကို မထိန်းချုပ်နိုင်ခြင်းက ပွဲကို အသက်ဝင်စေခဲ့တာ ဖြစ်ပါတယ်။ ဂိုးကံခေမှုတွေကလည်း ယူနိုက်တက်အနေနဲ့ အဲဗာတန်ကို လက်မြှောက်ခဲ့ရတာ အချက်တစ်ချက် ဖြစ်ပါတယ်။ အဲဗာတန် တိုက်စစ်ပိုင်းဟာ လျင်လျင်မြန်မြန်နဲ့ ထိုးဖောက်နိုင်ခဲ့ပြီး အထူးသဖြင့် လူကာကူကို မထိန်းချုပ်နိုင်ခဲ့ကြပါဘူး။ ဘာ့က်လေသာ ဖန်တီးမှု သပ်ရပ်ခဲ့မယ်ဆိုရင် အဲဗာတန် ဒီထက် ဂိုးပိုမို ရနိုင်ခဲ့တဲ့ အနေအထား ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ အဝေးကွင်းမှာ ကစားရပေမယ့် ယူနိုက်တက်ကို ခံစစ်သက်သက် ကစားသွားခဲ့ခြင်းမဟုတ်ပဲ အနိုင်ရလာဒ်ကို ဦးတည်ကစားခဲ့တာဖြစ်ပါတယ်။ တိုက်စစ်မှူး ဒလိုဖူကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လိုက်တာက အလုပ်ဖြစ်ခဲ့တဲ့ အနေအထားပါ။ ယူနိုက်တက်ရဲ့ လူစားဝင် ကစားသမားတွေ ဖြစ်တဲ့ နာနီနှင့် ဂျနုဇတ်တို့ရဲ့ တိုးအားကြောင့် ယူနိုက်တက် ထိုးဖောက်မှုပိုင်း အတော်တိုးတက်လာပေမယ့် နာနီရဲ့ ဖြုန်းတီးမှုတွေကလည်း နစ်နာစေခဲ့ပါတယ်။ ယနေ့ပွဲ ရှုံးနိမ့်သွားတဲ့အတွက် ဇယားထိပ်က အာဆင်နယ်အသင်းနှင့် ၁၂ မှတ် ကွာဟသွားတဲ့ ယူနိုက်တက်ဟာ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ရေး မှေးမှိန်သွားခဲ့ပြီ ဖြစ်သည်။ ယနေ့ အနိုင်ရရှိသွားတဲ့ အဲဗာတန်အသင်းဟာ ရမှတ် ၂၇ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပြီး မန်ယူနိုက်တက်ကတော့ ရမှတ် ၂၂ မှတ်နဲ့ အဆင့် ၉ မှာ ရပ်တည်လျက်ရှိပါတယ်။
Written by အောင်စိုးမိုး(နတ်ရွာ)
http://www.football-cafe.com/

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...