ကရင်ပြည်နယ် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့တွင်ရောင်းချရန်
သင်းခွေချပ်များ မှောင်ခို တင်ဆောင်လာသော HIJET အဖြူရောင်ကားနှင့်
မော်လမြိုင်ဘက်မှ မောင်းနှင်လာသည့် ရန်ကုန်-ထားဝယ်-မြိတ် ရွှေလီရတနာ
ခရီးသည်တင် မှန်လုံကားတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်တွင်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျွဲခြံ-ရွာသစ်ပိုင်းရှိ ရန်ကုန်-မော်လမြိုင်
လမ်းမပေါ်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း သစ်တောဦးစီးဌာန၊
ပေါင်မြို့နယ် တောအုပ်ကြီး ဦးကျော်လှိုင်စိုးက ပြောကြားသည်။
သင်းခွေချပ်
၄၈ ကောင်ကို မှောင်ခို သယ်ဆောင်လာသည့် ယာဉ်နှင့် လူကို ပေါင်မြို့နယ်
ရဲစခန်းတွင် ဖမ်းဆီးထားပြီး ယာဉ်ပေါ့ဆစွာ မောင်းနှင်မှုဖြင့်
ပေါင်ရဲစခန်းတွင် အမှုဖွင့်သွားမည့်အပြင် တိရစ္ဆာန်များ မှောင်ခိုသယ်ခြင်း
ကြောင့် သစ်တောဦးစီး ဌာနကလည်း သစ်တောဥပဒေဖြင့် အရေးယူမည် ဖြစ်ကြောင်း
ပေါင်မြို့နယ် စခန်းမှူးက ဆိုသည်။
"မှန်လုံကားက လူတွေတော့ ဒဏ်ရာ
တစ်ယောက်မှမရဘူး၊ ရန်ကုန်ကား ပြောင်းစီးသွားကြတယ်။ ကားအဖြူကို ကြည့်တော့
သင်းခွေချပ်တွေကို အိတ်နဲ့ထုပ်ပြီး တင်လာတဲ့ ကားဖြစ်နေတယ်၊ အဲ့ဒီ ကားသမားက
ခြေထောက် ထိသွားလို့ ဆေးရုံတင် လိုက်ရတယ်" ဟု ကျွဲခြံ-ရွာသစ်ပိုင်း နေသူ
မျက်မြင် ဦးအောင်ဌေးက ဆိုသည်။
ယာဉ်တိုက်မှု ဒဏ်ကြောင့် ၁၄ပိဿာ
ကျော်ရှိသော သင်းခွေချပ် ခြောက်ကောင် သေဆုံးခဲ့ရပြီး ပေါင်ရဲစခန်းက
သိမ်းဆည်း မိသည့် ၉၆ ပိဿာကျော် ရှိသော ကျန်သင်းခွေချပ် များကို
သဘာဝဘေးမဲ့တောသို့ ပို့ရန် သထုံခရိုင် သစ်တောဦးစီး ဌာနသို့
လွှဲပြောင်းပေးခဲ့ပြီး ဖြစ်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။
သင်းခွေချပ်များကို
တစ်ကောင်ခုနစ် သောင်းဖြင့် တောင်ငူမြို့မှ ဝယ်ယူခဲ့ပြီး ကရင်ပြည်နယ်၊
မြဝတီမြို့ရှိ အမှတ် (၁) ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ကျွန်းတောရပ်ကွက်
များတွင် ရောင်းရန် သယ်ယူလာခြင်း ဖြစ်ကြောင်း ကာယကံရှင် ယာဉ်မောင်း
ဦးအောင်ဆန်းက ဆိုသည်။
ရွှေလီရတနာမှ ယာဉ်မောင်း ဦးမောင်ကိုနှင့်
သင်းခွေချပ် မှောင်ခိုတင် ယာဉ်မောင်း ဦးအောင်ဆန်းတို့ကို ပေါင်မြို့နယ်
ရဲစခန်းတွင် ယာဉ်(ပ) ၅၃/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၃၈ ဖြင့် အရေးယူထားပြီး
မှောင်ခို သယ်ဆောင်သူကို သစ်တောဦးစီးဌာနက သဘာဝတောရိုင်း တိရစ္ဆာန်နှင့်
သဘာဝအပင်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ဥပဒေ ပုဒ်မ ၃၇(က) ဖြင့် ထပ်မံအရေးယူ
သွားမည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန၊ ပေါင်မြို့နယ် တောအုပ်ကြီး
ဦးကျော်လှိုင်စိုး က ပြောကြားသည်။
သင်းခွေချပ်သည် ရှားပါးတိရစ္ဆာန်
ဖြစ်ခြင်းကြောင့် တစ်ဖက် ထိုင်းနိုင်ငံသို့ မှောင်ခို တင်သွင်းမှုများ
ရှိနေပြီး လွန်ခဲ့သည့် နှစ်လဝန်းကျင် တွင်လည်း သထုံခရိုင် အတွင်း
သင်းခွေချပ် မှောင်ခို သယ်သူများကို ဖမ်းဆီးရရှိခဲ့ကြောင်း မော်လမြိုင်
ရဲတပ်ဖွဲ့ဝင်များထံမှ သိရှိရသည်။
The Voice Weekly

















0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...