လမ်းမတော်မြို့နယ်၊ အမှတ်(၃) ရပ်ကွက်၊ ၇ လမ်းရှိ တိုက်ခန်း လှေကားတွင်
ချစ်သူနှင့် ချိန်းတွေ့စဉ် စကားများရာမှ သူနာပြုတက္ကသိုလ် (ရန်ကုန်)
နောက်ဆုံးနှစ် ကျောင်းသူကို ၎င်း၏ချစ်သူက ဓားဖြင့် ထိုးကာထွက်ပြေး
တိမ်းရှောင်နေသဖြင့် ဓားဖြင့်ထိုးသူကို ဖမ်းမိနိုင်ရေးအတွက် ၎င်းနှင့်
ပတ်သက်သော အမှုကွင်းဆက်များကို လိုက်လံ စုံစမ်းဖော်ထုတ်မည် ဖြစ်ကြောင်း လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ဇန်နဝါရီလ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က သူနာပြု တက္ကသိုလ်
နောက်ဆုံးနှစ် တက်ရောက်နေသော အသက် ၁၉ နှစ်အရွယ် အမျိုးသမီးသည် ၎င်း၏
ချစ်သူနှင့် အဆောင်အောက်လှေကား၌ စကားပြောနေရာမှ ၎င်း၏ချစ်သူ Heavy Machine
ကုမ္ပဏီမှ အင်ဂျင်နီယာ ကိုမင်းဆန်းက လေးလက်မခန့်ရှိ ဓားမြှောင်ဖြင့်ထိုးကာ
ထွက်ပြေးခဲ့မှုကို မြို့နယ် ရဲတပ်ဖွဲ့ဝင်များက ကွင်းဆက်များနောက်
ခြေရာခံပြီး လိုက်လံ စုံစမ်းနေခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
“ဓားထိုးမှု ဖြစ်ဖြစ်ချင်း မြို့နယ်ရဲတပ်ဖွဲ့ကို ဖုန်းဆက်
အကြောင်းကြားခဲ့ရင် ဒီလူကို ချက်ချင်းဖမ်းမိမှာ။ သူ့နေအိမ်နဲ့ လှိုင်သာယာက
သူ့အလုပ်လုပ်တဲ့ ကုမ္ပဏီကို သွားစုံစမ်းပြီးပြီ။ သူကိုင်တဲ့ လက်ကိုင်
ဖုန်းကလည်း စက်ပိတ်ထားတယ်။ တရားခံကို အမြန်ဆုံး ဖမ်းမိဖို့ကို
တပ်ဖွဲ့ဝင်တွေက ဒီလူနဲ့ ပတ်သက်တဲ့ ကွင်းဆက်မှန်သမျှကို
စုံစမ်းဆောင်ရွက်ဆဲပါ” ဟု လမ်းမတော်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက
ရှင်းပြသည်။
အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူ
အမျိုးသားမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ (၇) ရပ်ကွက်၊
မင်းတပ်လမ်းတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် ကိုမင်းဆန်းဆိုသူ ဖြစ်ကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
ဓားထိုးခံရသူသည် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရာမည ရပ်ကွက်တွင် နေထိုင်သူ
ဖြစ်ပြီး သူနာပြုတက္ကသိုလ် (ရန်ကုန်) တွင် ပညာသင်ယူနေသူ ဖြစ်ကြောင်း၊
ဓားထိုးခံရစဉ် အချိန်က အဆိုပါ ကျောင်းသူ၏ အော်သံကြားသောကြောင့် ၎င်း၏ မိခင်က
အခန်းအပြင် ထွက်ကြည့်ရာမှ တွေ့ရှိခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့
တင်ပို့ ကုသခဲ့ကာ လက်ရှိအချိန်တွင် အသက်အန္တရာယ် စိုးရိမ်ဖွယ်
မရှိတော့ကြောင်း အမှတ် (၃) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင်တစ်ဦးက
ပြောကြားသည်။
အဆိုပါ ဓားဖြင့်ထိုးကာ ထွက်ပြေး တိမ်းရှောင်နေသူ
ကိုမင်းဆန်းကို (ပ) ၉/၁၄၊ ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး
အမှုကွင်းဆက်များဖြင့် လိုက်လံ စုံစမ်းဆောင်ရွက်နေကြောင်း လမ်းမတော်
မြို့မရဲစခန်းမှ သိရှိရသည်။
by the voice weekly











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...