<div style='background-color: none transparent;'></div>

Wednesday, January 15, 2014

ဗဟိုအာဖရိကတွင် ဘာသာရေးမုန်းတီးမှုမှ လူသားစားသည်အထိ ဆိုးရွားလာ

ခရစ်ယာန်နှင့် မွတ်ဆလင်တို့ အကြီးအကျယ် မငြိမ်းမချမ်း ဖြစ်နေသော နိုင်ငံအတွင်းတွင် မွတ်ဆလင် တစ်ဦးကို ခရစ်ယာန် တစ်ဦးက သတ်ဖြတ်ကာ ၎င်း၏ ခြေထောက်ကို ကိုက်ဖြတ်စားသောက်ခဲ့ကြောင်း သတင်းများက ဆိုသည်

ဗဟိုအာဖရိကနိုင်ငံတွင် ဖြစ်ပွားနေသည့် ဘာသာရေး အဓိကရုဏ်းများနှင့် ဆက်နွယ်သော မုန်းတီးမှုများကြောင့် လူသားစားသည်အထိ အကျည်းတန်သော ဖြစ်ရပ်မျိုး ပေါ်ပေါက်လာခဲ့သည်။ ခရစ်ယာန်နှင့် မွတ်ဆလင်တို့ အကြီးအကျယ် မငြိမ်းမချမ်း ဖြစ်နေသော နိုင်ငံအတွင်းတွင် မွတ်ဆလင် တစ်ဦးကို ခရစ်ယာန် တစ်ဦးက သတ်ဖြတ်ကာ ၎င်း၏ ခြေထောက်ကို ကိုက်ဖြတ်စားသောက်ခဲ့ကြောင်း သတင်းများက ဆိုသည်။ ပတ်ဝန်းကျင်က ယင်းဖြစ်ရပ်ကို ရိုက်ကူးမှတ်တမ်းတင်ထားသည့် ဗီဒီယိုများအနက် တစ်ခုကို BBC သတင်းဌာနက ဖော်ပြခဲ့သည်။ ဓားများဝှေ့ယမ်းကာ ပြေးလာကြသော ခရစ်ယာန်လူငယ် (၂၀)ဝန်းကျင်တို့သည် ဘတ်စ်ကား တစ်စင်းကို အင်အားသုံး ရပ်တန့်စေခဲ့သည်။ ထို့နောက် ဘတ်စ်ကားပေါ် ပါလာသည့် မွတ်ဆလင် တစ်ဦးကို ဆွဲချကာ သတ်ဖြတ်ပစ်ခဲ့ကြသည်။

ထို့နောက်တွင်မူ ခွေးရူးဟု လူအများက ခေါ်ဝေါ်ကြသည့် အူယန်ဂျာ မာဂလိုရီ အမည်ရှိ လူငယ်က သေသူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းကို စားသောက်ခဲ့ခြင်း ဖြစ်သည်။ သေသူမှာ ဓားဖြင့် ထိုးသတ်ခြင်း ခံရပြီးနောက် ၎င်း၏ ရုပ်အလောင်းကို ခွေးရူးနှင့် အပေါင်းအပါများက မီးတင်ရှို့ခဲ့ကြသည်။ ထို့နောက်တွင်မူ ခွေးရူးက အလောင်း၏ ခြေထောက်တစ်ဖက်ကို ဖြတ်တောက်ဖဲ့ယူကာ ဒေါသတကြီး စားသောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ယင်းလုပ်ရပ်သည် ဘာသာရေး ပဋိပက္ခများအတွင်း အသက်ပေးခဲ့ရသည့် ဇနီးဖြစ်သူနှင့် ကလေးတို့အတွက် ရည်စူးလက်စားချေခြင်းဟု အခိုင်အမာ ဆိုသည်။ ခွေးရူးသည် မီနီဘတ်စ် တစ်စင်းပေါ်တွင် မွတ်ဆလင်ဟု ယူဆရသူ တစ်ဦးကို သတိပြုမိသည့်နောက် ရန်လိုသော လူငယ်အချို့ကို စုရုံးကာ ယခုလို သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ခွေးရူး၏ ကိုယ်ဝန်ဆောင် ဇနီးသည်၊ ခယ်မနှင့် တူဖြစ်သူတို့မှာ ဘာသာရေး အဓိကရုဏ်းအတွင်း သေဆုံးခဲ့သည်။ ယင်းအတွက် မွတ်ဆလင်များ ပေးဆပ်ရမည်ဟု ခွေးရူးက ဆိုသည်။ "ဒီကောင့်ပေါ်ကို ဓာတ်ဆီလောင်းချလိုက်ရတာကို ကျုပ်ဂုဏ်ယူတယ်။ ကျုပ်သူ့ကို မီးတင်ရှို့လိုက်တယ်။ သူ့ခြေထောက်ကို စားပစ်တယ်။ အောက်ခံ အရိုးအဖြူ ပေါ်လာတဲ့အထိပဲ"ဟု BBCသို့ စိတ်လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် ပြောကြားခဲ့သည်။ မျက်မြင်များ အနေဖြင့် ယင်းဖြစ်ရပ်ကို ဝင်မစွက်ဖက်ရဲသော်လည်း မိုဘိုင်းလ်ဖုန်းများဖြင့် ဗီဒီယို ရိုက်ထားကြသည်။ မျက်မြင် တစ်ဦးဖြစ်သော ဂျင်းဆီလ်ဗက်စတာက "မြင်ကွင်းကို ကြည့်ပြီး လူတွေ အန်ကုန်ကြတယ်။ တချို့က ကြောက်စိတ်နဲ့ ငိုကြတယ်"ဟု ဆိုသည်။ ဗဟိုအာဖရိကနိုင်ငံသည် ခရစ်ယာန် အများစု နေထိုင်ပြီး နိုင်ငံ၏ ပထမဆုံး မွတ်ဆလင် သမ္မတ မိုက်ကယ် ဂျိုတိုဒီရာ သောကြာနေ့တွင် နုတ်ထွက်သွားသည့်နောက် ယခင်တင်းမာမှုများ တစ်ကျော့ပြန် ဆိုးရွား ပေါက်ကွဲလာခြင်း ဖြစ်သည်။

Photo: ဗဟိုအာဖရိကတွင် ဘာသာရေးမုန်းတီးမှုမှ လူသားစားသည်အထိ ဆိုးရွားလာ

Planet Myanmar Network Planet Myanmar Network

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...