စမ်းချောင်းမြို့နယ် အောင်ချမ်းသာရပ်ကွက် ဗဟိုလမ်းပေါ်ရှိ အာရှတော်ဝင်
အထူးကု ဆေးရုံအနီး Kiddy World ကလေးပစ္စည်း အရောင်းဆိုင်တွင် ဇန်နဝါရီလ ၁၃
ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က ဈေးလာဝယ်သူ အသားဖြူ၍ အိန္ဒိယ
တိုင်းရင်းသားနှင့်ဆင်သူ နိုင်ငံခြားသား အမျိုးသားနှစ်ဦးက ယင်းဆိုင်မှ
ကျပ်နှစ်သိန်းကျော်ကို ခိုးယူ ထွက်ပြေးခဲ့ကြောင်း ဆိုင်အရောင်းဝန်ထမ်း မစိုးစိုးထွေးက The Voice သို့ ပြောကြားသည်။
အဆိုပါ ဆိုင်အတွင်းသို့ အသက် ၃၅ နှစ်ခန့်ရှိသော နိုင်ငံခြားသားနှစ်ဦး
ရောက်ရှိလာကာ နားကြပ်တောင် ဝယ်ယူခဲ့ပြီး ကောင်တာ၌ ငွေပေးချေနေ့စဉ် ကောင်တာ
ခုံအောက်ရှိ အံဖုံးထဲ၌ ရောင်းရငွေများကို ပလတ်စတစ်အိတ်ဖြင့် ထည့်ထားသည်ကို
၎င်းတို့နှစ်ဦးက တွေ့ရှိခဲ့ကြောင်း၊ ယင်းနောက် အစီအရီ ထပ်ထားခြင်း မရှိသော
ဆိုင်ရောင်းရငွေများကို နိုင်ငံခြားသား တစ်ဦးက ငွေများကိုစီပေးပြီး
ပလတ်စတစ်ဖြင့်ထုပ်ကာ အရောင်းဝန်ထမ်းကို ပြန်လည်ပေးပြီး ထွက်သွားကြောင်း
မစိုးစိုးထွေးက ပြောကြားသည်။
အဆိုပါ ငွေပြန်အမ်းချိန် ပလတ်စတစ်
အိတ်အတွင်း သိမ်းထားသော တစ်ထောင်ကျပ်တန် ငွေတစ်သိန်းအုပ်နှင့်
ငါးထောင်ကျပ်တန် တစ်သိန်းအုပ် အပါအဝင် စုစုပေါင်း ငွေကျပ် ၃၈၈၃၀၀ ရှိ
ကြောင်း၊ နိုင်ငံခြားသား တစ်ဦးက ငွေစက္ကူများ စီပေးနေစဉ်
အခြားနိုင်ငံခြားသားတစ်ဦးက ကလေး ပစ္စည်းဝယ်ရန် ကြည့်ရှုလိုသဖြင့်
ဆိုင်ဝန်ထမ်း အမျိုးသမီးနှစ်ဦးက လိုက်လံ ပြသခဲ့ကြောင်း၊ ယင်းနောက်
ဒေါ်လာဖြင့် ပစ္စည်းဝယ်ယူလိုကြောင်း နိုင်ငံခြားသားတစ်ဦးက ပြောဆိုခဲ့ရာ
ဆိုင်တွင် ဒေါ်လာဖြင့် ဝယ်ယူ၍ မရသောကြောင့် မြန်မာငွေ လဲလှယ်ပြီးမှ
ပြန်လာဝယ်ယူမည်ဟုဆိုကာ ထွက်သွား ခဲ့ကြောင်း၊ နိုင်ငံခြားသားနှစ်ဦး
ထွက်ခွာပြီးနောက် ငွေများကို ပြန်လည် စစ်ဆေးရာတွင် ကျပ်
နှစ်သိန်းခြောက်သောင်းကျော် ပျောက်ဆုံးခဲ့ကြောင်း ဆိုင်ဝန်ထမ်း အမျိုးသမီး
မဝင်းဝါဝါထွန်းက ပြောကြားသည်။
“သူတို့ဝယ်တဲ့ နားကြပ်တောင်က
ခုနစ်ရာကျတာ။ တစ်ထောင်တန်ပေးလို့ သုံးရာအမ်းမယ် လုပ်တော့ အံဆွဲထဲမှာ
နှစ်ရာတန် တစ်ရွက်ပဲ ရှိတာနဲ့ ကောင်တာ ခုံအောက်က အံပုံးထဲမှာ
ရောင်းရငွေတွေကို ပလတ်စတစ်အိတ်နဲ့ ထုပ်သိမ်းထားတဲ့ အထဲက ငါးဆယ်တန်နှစ်ရွက်
ထုတ်အမ်းတဲ့အချိန် ပိုက်ဆံတွေကို မြင်သွားပြီး နိုင်ငံခြားသားတစ်ဦးက
ပိုက်ဆံကို အဲလိုမသိမ်းရဘူး။ စီစီရီရီ သိမ်းရတယ်လို့ ပြောပြီး
ပိုက်ဆံတွေကို သူကစီထပ်ပြတာ။ သူစီနေတာကို ကျွန်မကလည်း ကြောင်ပြီး
ကြည့်နေမိခဲ့တယ်။ သူတို့ ပြန်ထွက်သွားမှ သတိရပြီး ငွေတွေ
ပြန်စစ်ကြည့်တော့မှ အခိုးခံရမှန်းသိပြီး ဆိုင်မန်နေဂျာကို ချက်ချင်း
အကြောင်းကြားခဲ့တာ” ဟု မစိုးစိုးထွေးက ဆက်လက်ရှင်းပြသည်။
ငွေများ
ခိုးယူသွားသူ နိုင်ငံခြားသား အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိရေးအတွက်
ယင်းညက စမ်းချောင်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် အဆိုပါဆိုင်မှ
ပိုင်ရှင်နှင့် အရောင်းဝန်ထမ်း အမျိုးသမီးနှစ်ဦးတို့ စမ်းချောင်းမြို့နယ်
အတွင်းရှိ ဟိုတယ်နှင့် တည်းခိုခန်းများသို့ လှည့်လည်ကာ လာရောက် တည်းခိုသူ
နိုင်ငံခြားသားများ၏ နိုင်ငံကူး လက်မှတ်များကို စစ်ဆေးခဲ့သော်လည်း
မတွေ့ရှိကြောင်း စမ်းချောင်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
“ဆိုင်ဝန်ထမ်း အမျိုးသမီးတွေက နိုင်ငံခြားသားနှစ်ဦးရဲ့ အဝတ်အစားလည်း
မမှတ်မိဘူး။ ပြီးတော့ ဆိုင်မှာက CCTV မရှိတော့ စုံစမ်းရခက်တာပေါ့။ နယ်မြေ
လှည့်ကင်း အဖွဲ့တွေနဲ့ ရှာဖွေစုံစမ်းခဲ့ပေမယ့် သံသယရှိသူ တစ်စုံတစ်ယောက်မှ
အခုထိ မတွေ့သေးဘူး” ဟု ၎င်းကဆိုသည်။
ဆိုင်မှ ငွေနှစ်သိန်းကျော်
ခိုးယူသွားသော နိုင်ငံခြားသား အမျိုးသားနှစ်ဦးကို ကလေးပစ္စည်း
အရောင်းဆိုင်ရှင်က ရဲစခန်းတွင် သတင်းပေး တိုင်ကြားခဲ့သော်လည်း
အရောင်းဝန်ထမ်းများက အဆိုပါ နိုင်ငံခြားသား ပုံသဏ္ဌာန်ကို
သေချာမမှတ်မိခြင်း၊ နောင်တစ်ချိန်တွင် ဆိုင်သို့ နိုင်ငံခြားသား
ဧည့်သည်များ ထပ်မလာမည်ကို စိုးရိမ်သောကြောင့် အမှုမဖွင့်လှစ်ရခြင်း
ဖြစ်ကြောင်း စမ်းချောင်း မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
by the voice weekly
Wednesday, January 15, 2014
နိုင်ငံခြားသားနှစ်ဦး Kiddy World ကလေးပစ္စည်း အရောင်းဆိုင်မှ ကျပ်နှစ်သိန်းကျော်ကို ခိုးယူထွက်ပြေး
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...