အောင်ထက်ခိုင်၊ အောင်ကျော်ထက်
မီးလောင်ကျွမ်းနေသည့် သံနန်းဆွဲစက်ရုံအား မီးငြှိမ်းသတ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်ထက်)

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၆၃ ရပ်ကွက် ရွှေတောင်ကြား ၅ လမ်း အမှတ်
(၁၀၉၀)ပိုင်ရှင် ဦး---၏ အေးရတနာ (သံနန်းဆွဲ)စက်ရုံ၌ မတ် ၁၀ ရက် နံနက် ၂
နာရီ ၃၀ မိနစ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ရသည့် အကြောင်းရင်းမှာ အဆိုပါ စက်ရုံအတွင်း သွယ်တန်းထားသော ၀ါယာကြိုးများ ဟောင်နွမ်းဆွေးမြေ့၍ အပူလွန်ကဲပြီး ပေါက်ပြဲပြုတ်ကျရာမှ အောက်ဘက်ရှိ လွှစာမှုန့်များပေါ်သို့ မီးကူးစက်ရာမှ စတင်လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သိရသည်။
"မီးလောင်တာက ၂ နာရီခွဲလောက်ကပါ။ မီးသတ်သမားတစ်ဦး၊ စက်ရုံက အလုပ်သမားတစ်ဦး အုတ်နံရံပြိုကျလို့ ဒဏ်ရာရရှိ သွားပါတယ်" ဟု မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
အဆိုပါ မီးလောင်မှုကြောင့် သင်္ဃန်းကျွန်းမြို့နယ် မီးသတ်တပ်ဖွဲ့စခန်းမှ လက်ထောက် မီးသတ်ဦးစီးမှူး ဦးဝင်းဦးနှင့် အလုပ်သမားတစ်ဦး ဒဏ်ရာရှိခဲ့ပြီး သင်္ဃန်းကျွန်း စံပြဆေးရုံတွင် (မစိုးရိမ်ရ) လူနာများအဖြစ် ဆေးကုသလျက်ရှိကာ အဆိုပါစက်ရုံမှ အလုပ်သမားဖြစ်သူ ရဲထွန်း အသက်(၂၀) မှာ ပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။
မီးလောင်မှုကြောင့် စက်ရုံအဆောက်အအုံနှင့် အတွင်းပိုင်း ပစ္စည်းများ မီးလောင်သွားခဲ့ပြီး ကျပ် ၁၁ သိန်းကျော်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါစက်ရုံ မီးလောင်မှုအား စုစုပေါင်း မီးငြိမ်းသတ်ယာဉ် ၂၃ စီး၊ သန္ဓေမီး သတ်တပ်ဖွဲ့ဝင် ၁၅၇ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၇၃ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၄၂ ဦး တို့ဖြင့်ငြှိမ်းသတ်ရာ နံနက် ၃ နာရီအချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုနှင့် ပတ်သက်၍ အေးရတနာ (သံနန်းဆွဲ) စက်ရုံပိုင်ရှင်အား ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ (ပ) ၂၁၀/ ၂၀၁၄ /ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

by myawady

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...