<div style='background-color: none transparent;'></div>

Saturday, June 28, 2014

ကျေးရွာ၌ မူးယစ်သောက်စား ရမ်းကားသူများအား ဖမ်းဆီးရာတွင် အကြမ်းဖက် ခုခံ၍ သေနတ်ဖြင့် ခြောက်လှန့် ပစ်ဖောက် ဖမ်းဆီးခဲ့ရ

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် ကျောက်ပန်းတောင်းအုပ်စု ရွှေပန်းတောရဲစခန်း အပိုင်စခန်းကြီး ကျေးရွာတွင် ဇွန် ၁၉ ရက် နံနက် ၉ နာရီက ယင်းရွာနေ သန်းလင်းဇော်၊ အောင်ပိုင်၊ အောင်ကျော်နိုင်တို့ သုံးဦးသည် ယင်းကျေးရွာရှိ မင်္ဂလာဆောင်အိမ်တွင် မူးယစ် သောက်စား၍ ဓား၊ တုတ်၊ လေးခွများဖြင့် ရမ်းကားနေပြီး တစ်ရွာတည်းနေ ဝင်းဇော်ဦးနှင့် ဇော်မျိုးဝင်းတို့အား အောင်ပိုင်က တုတ်ဖြင့်ရိုက်ပြီး အောင်ကျော်နိုင်က လေးခွဖြင့် ပစ်သဖြင့် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် သန်းလင်းဇော်ပါ သုံးဦးမှာ ဆက်လက် ရမ်းကားနေသဖြင့် တိုင်ကြားခဲ့သည်။

ရဲအုပ်ထွန်းကြွယ်က ဒဏ်ရာ ရရှိသူများအား အောင်လံဆေးရုံသို့ ဆေးစာဖြင့် ပို့အပ်ရန် ဒုတိယတပ်ကြပ် ကျော်မောင်မောင်သွင်နှင့် အဖွဲ့အား စေလွှတ်ခဲ့ရာ သန်းလင်းဇော်တို့ သုံးဦးက ရဲတပ်ဖွဲ့ဝင်များအား အန္တရာယ် ပြုနိုင်သည့် အခြေအနေရှိသဖြင့် မင်္ဂလာဆောင်အိမ်တွင် လုံခြုံစွာ နေထိုင်ရန်နှင့် စခန်းမှူး ရဲအုပ်ထွန်းကြွယ်က ဇွန် ၂၀ ရက်တွင် ၎င်း သန်းလင်းဇော်တို့ သုံးဦးအား သွားရောက် ထိန်းသိမ်းနိုင်ရန် အတွက် အောင်လံမြို့နယ် မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယမြို့နယ်မှူး ဒုတိယရဲမှူး ဌေးမောင်နှင့် အင်အား ၁၁ ဦး၊ သမ္ဘူ ရဲကင်းစခန်းမှူး ရဲအုပ် ထိန်လင်းအောင်နှင့် အင်အား လေးဦး အသင့်စုစည်း စေလွှတ်ရန် စီစဉ်ခဲ့သည်။

ယင်းသို့ စီစဉ်နေစဉ် ဒဏ်ရာရရှိသူ ဝင်းဇော်ဦး၊ ဇော်မျိုးဝင်းတို့က ရဲစခန်းသို့ရောက်ရှိလာပြီး အမှုဖွင့်လှစ်လိုခြင်း မရှိကြောင်းတင်ပြ၍ သန်းလင်းဇော်တို့ သုံးဦးမှာလည်း နေအိမ်သို့ အသီးသီး ပြန်သွားကာ အခြေအနေ တည်ငြိမ် အေးချမ်းနေပြီ ဖြစ်ကြောင်း ရဲအုပ်ထွန်းကြွယ်က သတင်းပို့သဖြင့် သန်းလင်းဇော်တို့ သုံးဦးအား ထိန်းသိမ်းခြင်း မပြုဘဲ အခြေအနေကို စောင့်ကြည့်ခဲ့သည်။

ဇွန် ၂၀ ရက် နံနက် ၁၀ နာရီခွဲတွင် သန်းလင်းဇော်တို့ သုံးဦးသည် တစ်ရွာတည်းနေ ကိုဝင်းခိုင်၏ နေအိမ်သို့ ဇွန် ၁၉ ရက် ည ၉ နာရီခွဲက သွားရောက် ရမ်းကားခဲ့ကြောင်းနှင့် ဇွန် ၂၀ ရက် နံနက် ၁၀ နာရီတွင် မင်္ဂလာဆောင်အိမ်၌ သီချင်းဆိုခွင့် မပြုခြင်းနှင့် ပတ်သက်၍ မကျေမနပ် ဖြစ်ကာ ဓားကိုင်၍ ဆက်လက် ရမ်းကားနေကြောင်း သတင်းရရှိ ထပ်မံ တိုင်ကြားသဖြင့် ဒုရဲမှူး ဌေးမောင်၊ ရဲအုပ်ထိန်လင်းအောင်၊ ရဲအုပ် ထွန်းကြွယ်တို့ ပူးပေါင်း အဖွဲ့အား သွားရောက် ထိန်းသိမ်းရန် ထပ်မံ စေလွှတ်ခဲ့သည်။

ရဲကင်းစခန်းမှူး ရဲအုပ် ထွန်းကြွယ်နှင့်အဖွဲ့ ဦးစွာရောက်ရှိစဉ် သန်းလင်းဇော်တို့ သုံးဦးက လေးခွများဖြင့် ဝိုင်းဝန်း ပစ်ခတ်သောကြောင့် ကျောက်ပန်းတောင်း ရဲစခန်းမှ တပ်သား ကျော်ဇံ၏ဝမ်းဗိုက်ယာဘက်ခြမ်းတွင် နှစ်ချက်၊ ယာဘက်ပေါင်တွင်တစ်ချက် လေးခွ ထိမှန်ဒဏ်ရာရရှိခဲ့၍ ရဲတပ်သား ကျော်ဇံက ၎င်းကိုင်ဆောင် ထားသော ဒသမ ၃၀၃ ရိုင်ဖယ်သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ရာ အောင်ပိုင်၏ ဝဲဘက် ကျောပြင်တွင် သေနတ်ထိမှန် ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များကလည်း လေးခွဖြင့် ပြန်လည် ပစ်ခတ်ခဲ့ခြင်းကြောင့် သန်းလင်းဇော်၏ ယာဘက်မျက်ခုံးထိပ် ပေါက်ပြဲဒဏ်ရာရရှိခဲ့သဖြင့် အောင်ပိုင်နှင့် သန်းလင်းဇော်တို့ကို ခေါ်ဆောင်ခဲ့ပြီး ဇွန် ၂၀ ရက်တွင် အောင်လံဆေးရုံသို့ တင်ပို့ကုသပေးခဲ့သည်။

သန်းလင်းဇော်သည် ၂၀၁၀ ခုနှစ်က ရွှေပန်းတောရဲစခန်း(ပ) ၄၀/၂၀၁၀ ပြစ်မှုပုဒ်မ ၃၇၆/ ၅၁၁ အမှုဖြင့် ထောင်ဒဏ်ငါးနှစ် ကျခံခဲ့ဖူး၍ ၂၀၁၃ ခုနှစ် ရွှေပန်းတောရဲစခန်း (ပ)၃၅/ ၂၀၁၃ ပြစ်မှုပုဒ်မ ၄၅၂/ ၃၅၄/ ၅၀၆ အမှုဖြင့် ပြစ်ဒဏ် ခြောက်လကျခံခဲ့ရ၍ လွန်ခဲ့သော ၁၀ ရက်ခန့်က ထောင်မှ လွတ်လာသူ ဖြစ်သည်။ အမှု ဖြစ်ပွားရခြင်းမှာ ၎င်းထောင်ကျရသည့် ပြစ်မှုများနှင့် ပတ်သက်၍ တစ်ရွာတည်းနေ ကိုဝင်းခိုင် ဆိုသူကထွက်ဆိုသဖြင့် ထောင်ကျရခြင်း ဖြစ်သည်ဟုဆိုကာ မကျေနပ်ချက်နှင့် မင်္ဂလာဆောင်မှ သီချင်းဆိုခွင့်မပြု၍ မကျေနပ်သည့် ကိစ္စမှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲကင်းစခန်း အသီးသီးက ထိန်းသိမ်းနေစဉ်အတွင်း ၎င်းတို့သုံးဦးသည် ဇွန် ၁၉ ရက် ညနေ ၉ နာရီခွဲခန့်တွင် ကိုဝင်းခိုင်၏ နေအိမ်သို့ ဝင်ရောက်ရမ်းကားခြင်းနှင့် ပတ်သက်၍ ကိုဝင်းခိုင်က မကျေနပ်သဖြင့် ရွှေပန်းတောရဲစခန်းသို့ တိုင်ကြားခဲ့ခြင်းကြောင့် ဇွန် ၂၀ ရက်တွင် ရွှေပန်းတောရဲစခန်းမှ (ပ)၂၄/ ၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၅၂/ ၄၅၁/ ၃၃၆/ ၄၂၇/ ၂၉၄/ ၅၀၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။


by MOIWebportalMyanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...