<div style='background-color: none transparent;'></div>

Thursday, June 26, 2014

ရန်ကင်း ခေါင်းဖြတ်လူသတ်မှု ကျူးလွန်သူကို သေဒဏ်ချမှတ်ရသည့် ပုဒ်မဖြင့် စွဲချက်တင်

ရန်ကင်းမြို့နယ် အမှတ် (၁၂) ရပ်ကွက် မေတ္တာရိပ်သာ လမ်းဆုံအနီးတွင် လွန်ခဲ့သော သုံးလကျော်က ဖြစ်ပွားခဲ့သည့် ခေါင်းဖြတ်လူသတ်မှုတွင် ပြစ်မှုကျူးလွန်သူ ချစ်ပို (ခ) ဝေယံဖြိုးကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ချမှတ်ရသည့် ပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် စွဲချက်တင်ခဲ့ကြောင်း အဆိုပါ ခရိုင်တရားရုံး တွဲဖက် ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က ပြောကြားသည်။

မတ်လ ၁၅ ရက်နေ့ ညပိုင်းက မေတ္တာရိပ်သာ လမ်းမပေါ်တွင် အရက်ထိုင်သောက်နေသော ချစ်ပို (ခ) ဝေယံဖြိုးကို လူငယ်မေတ္တာလမ်း၌ နေထိုင်သူ ကိုမင်းမင်းဦး (ခ) အကြီးကောင်က မတော်တဆ ဝင်တိုက်မိရာမှ ခေါင်းဖြတ်အသတ်ခံရမှုကို အရှေ့ပိုင်းခရိုင် တရားရုံး၌ သက်သေ ၁၄ ဦး ခေါ်ယူ စစ်ဆေးခဲ့ကြောင်း၊ ဇွန်လ ၁၁ ရက်နေ့က တရားလိုအကျိုးဆောင် ခရိုင်ဥပဒေ အရာရှိ ဒေါ်စန်းစန်းရီက ပြစ်မှုပုဒ်မ ၃၀၂ (၁) (ခ) ဖြင့် စွဲချက်တင် လျှောက်ထားချက်ကို အတည်ပြု စစ်ဆေးရန် ခရိုင်တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။

“မေတ္တာရိပ်သာလမ်းမှာ ဓားရှည်နဲ့ ခုတ်သတ်မှုမှာ ခေါင်းဖြတ်သေစေလိုတဲ့ ရည်ရွယ်ချက်နဲ့ လူသတ်မှု ပုဒ်မ ၃၀၂ (၁) (ခ) အရ စွဲချက်တင် စစ်ဆေးဖို့ အမိန့်ချမှတ်ပါတယ်။ ဒီပုဒ်မရဲ့ ပြစ်ဒဏ်က သေဒဏ်အပြင် အခြားချမှတ်စရာ မရှိတာကြောင့် စွဲချက်တင်ခံရသူ အနေနဲ့ ငြင်းပယ်ခွင့် ရှိသလို ပြန်ခေါ်သက်သေ ရှိရင်လည်း ရုံးတော်က ဆက်လက် စစ်ဆေးပေးပါ့မယ်” ဟု အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက် (၄) မှ ခရိုင်တရားသူကြီး ဦးငြိမ်းမြင့်က ရုံးတော်တွင် စစ်ဆေးခံနေသူ ချစ်ပို (ခ) ဝေယံဖြိုးကို ရှင်းပြသည်။

သေဒဏ် အမိန့်ချမှတ်မည့် စွဲချက်တင် စစ်ဆေးရန် အမိန့်ချမှတ်မှုကို ငြင်းပယ်မှု ရှိမရှိ ခရိုင်တရားသူကြီးက ချစ်ပို (ခ) ဝေယံဖြိုးကို သုံးကြိမ်တိုင် မေးမြန်းခဲ့သော်လည်း ၎င်းက သဘောတူ လက်ခံကြောင်း ထွက်ဆိုနေသဖြင့် ၎င်း၏ မိသားစုဝင်များက ပြန်ခေါ်သက်သေ တစ်ဦးရှိကြောင်း လျှောက်ထားချက်ကြောင့် ယင်းပြန်ခေါ် သက်သေကို လာမည့် ဇွန်လ ၃၀ ရက်နေ့ ရုံးချိန်းတွင် ခေါ်ယူစစ်ဆေးပြီး ချစ်ပို (ခ) ဝေယံဖြိုး၏ အမှုကို အမိန့်ချမည် ဖြစ်ကြောင်း တရားရုံးမှ သိရှိရသည်။

“ပြန်ခေါ်သက်သေ ကိုမူတူးက အရင်က ရန်ကင်းမှာ နေတယ်။ အခု တောင်ဒဂုံကို ပြောင်းသွားတာကြောင့် သူ့ကို လာမယ့်ရုံးချိန်းမှာ သက်သေအဖြစ် လာရောက်ထွက်ဆို စစ်ဆေးခံဖို့ ချစ်ပို မိသားစုက ဆက်သွယ်ပေးမယ် ပြောတယ်။ အရင် ရုံးချိန်းတွေမှာ ထွက်ဆိုခဲ့တဲ့ မျက်မြင်သက်သေတွေနဲ့ မှုခင်းဆရာဝန်ရဲ့ သက်သေ ထွက်ဆိုချက်တွေက လူသတ်မှု ကျူးလွန်သူဟာ ကြိုတင်ကြံရွယ်ပြီး မသေမချင်း ညှဉ်းပန်းနှိပ်စက် သတ်ခဲ့တယ် ဆိုတာ ပေါ်လွင်နေလို့ ရုံးတော်က ဥပဒေအတိုင်း မှန်ကန်တဲ့ ပြစ်ဒဏ်စီရင်ချက်မျိုး ချမှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။” ဟု သေဆုံးခဲ့သူ ကိုမင်းမင်းဦး (ခ) အကြီးကောင်၏ ဇနီး ကလေးသုံးယောက် မိခင် မဇင်ဇင်အောင်က ပြောကြားသည်။

ပုဒ်မ ၃၀၂ အပိုဒ် (၁) (ခ) ဖြင့် စွဲချက်တင် စစ်ဆေးခံရသူမှာ အသက် ၁၈ နှစ်အောက် လူငယ်ဘဝက ကိုးတန်း ကျောင်းသားတစ်ဦးကို ဓားထိုးသတ်မှုဖြင့် လူငယ်ထိန်းသိမ်းရေးစခန်းသို့ ပို့အပ်ခံရသူ ဖြစ်ကြောင်း၊ ယင်းစခန်းမှ ပြန်လည်လွတ်မြောက်ချိန်တွင် ရပ်ကွက်အတွင်း၌ မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုများကြောင့် ခြေချုပ်အာမခံဖြင့် နေထိုင်ရသူ ဖြစ်ကြောင်း၊ မေတ္တာလမ်းဆုံတွင် ရပ်ကွက်နေသူများ ရှေ့၌ ရန်ငြိုးရန်စ မရှိသူကို ခေါင်းဖြတ်သတ်ခဲ့မှုကြောင့် မတ်လ ၂၈ ရက်နေ့က ယင်းလူသတ်မှုကို ရှုတ်ချကြောင်း ရန်ကင်းမြို့နယ်တွင် နေထိုင်သူများက ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ကြောင်း အမှတ် (၁၂) ရပ်ကွက်တွင် နေထိုင်သူများထံမှ သိရှိရသည်။

“၃၀၂၊ အပိုင် (၁) မှာ (က) (ခ) (ဂ) ဆိုပြီး သုံးမျိုးရှိတယ်။ ဒီပုဒ်မ သုံးမျိုးလုံးက သေဒဏ်အထိ ချမှတ်လို့ရတဲ့ ပြစ်ဒဏ်မျိုး ဖြစ်ပြီး အခုစွဲချက်တင် ခံရသူဟာ ကြိုတင်ကြံစည်ပြီး လုပ်ကြံသတ်ဖြတ်မှု ဖြစ်တာကြောင့် ဥပဒေအကြံပြုရဲ့ စွဲချက်တင် လျှောက်ထားချက်က သင့်မြတ်မှန်ကန်လို့ တရားသူကြီးက လက်ခံခဲ့တာ ဖြစ်ပါတယ်” ဟု မြန်မာရှေ့နေများကွန်ရက်မှ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ရှင်းပြသည်။

သေဒဏ် ချမှန်နိုင်သော ပြစ်ဒဏ်စွဲချက်တင်ခံရသူကို ဆက်လက် စစ်ဆေးရာတွင် တရားရုံးလက်စွဲ အပိုဒ် ၄၅၇ အရ ရှေ့နေမပါဘဲ စစ်ဆေးခွင့် မရှိသောကြောင့် တရားခံဖြစ်သူဘက်မှ အကျိုးဆောင် ရှေ့နေ မငှားရမ်းနိုင်ပါက အစိုးရရှေ့နေက အယူခံဝင်ပေးရမည် ဖြစ်ပြီး ခြောက်လအတွင်း ယင်းပြစ်မှုနှင့် ထိုက်သင့်သည် ပြစ်ဒဏ်အမိန့်ကို ချမှတ်ပေးရမည် ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

ရန်ကင်းမြို့နယ်တွင် အဆိုပါ ခေါင်းဖြတ်လူသတ်မှု အပါအဝင် ဇွန်လအတွင်း မိုးကောင်းလမ်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုနှင့် ကန်ဘဲ့ဘူတာတွင် ဖြစ်ပွားခဲ့သော ဓားထိုးမှုများမှာ တစ်ဦးနှင့်တစ်ဦး ပြင်းထန်စွာ နာကြည်းလောက်သော ခံစားမှုမျိုးကြောင့် လူသတ်မှု ကျူးလွန်ခြင်း မဟုတ်ဘဲ အရက်သောက်ရာမှ စကားများရန်ဖြစ်ကာ လူသတ်မှု ကျူးလွန်သည့်အထိ ဖြစ်ပွားရခြင်းများမှာ လူငယ်များ၏ အသိပညာ အတွေးအခေါ် နိမ့်ကျမှုများကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။


by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...