<div style='background-color: none transparent;'></div>

Friday, June 27, 2014

MH370 လေယာဉ်ကို ရှာဖွေမည့် ဇုန်နေရာအသစ် သတ်မှတ်ကြေညာ

 ပျောက်ဆုံးနေသည့် MH370 ခရီးသည်တင် လေယာဉ်ကို ဖြန့်ကျက်ရှာဖွေမည့် ဧရိယာသစ်ကို ဩစတြေးလျက အစိုးရက ကြေညာချက်ထုတ်ပြန် အတည်ပြုခဲ့သည်။

မလေးရှား လေကြောင်းလိုင်းပိုင် လေယာဉ်သည် မတ်လ(၈)ရက်နေ့ ကတည်းက လိုက်ပါသွားသူ (၂၃၉)ဦးနှင့်အတူ အကြောင်းရင်း မသိရဘဲ ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါ ဂြိုဟ်တုပုံရိပ်များကို အခြေခံ တွက်ချက်ကာ နေရာသစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

လေယာဉ်သည် ကွာလာလမ်ပူမှ တရုတ်နိုင်ငံ၊ ဘေဂျင်းသို့ ဦးတည်ပျံသန်းရင်း တောင်တရုတ်ပင်လယ် ရေပြင်ထက်တွင် အဆက်အသွယ် ပြတ်သွားသော်လည်း ဂြိုဟ်တုမှ ဖမ်းယူသော ပုံရိပ်များအရ လာလမ်းအတိုင်း ပြန်လှည့်ကာ အိန္ဒိယ သမုဒ္ဒရာတောင်ပိုင်းသို့ ဦးတည်ပျံသန်းရင်း ပျက်ကျသွားသည်ဟု ယူဆရသည်။

ယခင်က နယ်နိမိတ် သတ်မှတ် ရှာဖွေမှုများ အောင်မြင်မှု မရခဲ့သည့်နောက် ယခုတစ်ကြိမ်တွင် ဩစတြေးလျ အနောက်ဘက်ကမ်းလွန်မှ ကီလိုမီတာ (၁၈၀၀)မျှ အကွာအဝေးတွင် ဧရိယာ သတ်မှတ်ကာ လေယာဉ်ပျက်ကို ရှာဖွေသွားမည် ဖြစ်သည်။ ဩစတြေးလျ ဒုတိယဝန်ကြီးချုပ် ဝါရန်ထရက်စ် ကြေညာသည့် နေရာသည် ယခင်ရှာဖွေခဲ့သည့် ဧရိယာ၏ တောင်ဘက်ပိုင်းသို့ ရောက်ရှိသွားသည်ကို တွေ့ရသည်။

“လေယာဉ်က အလိုအလျောက် မောင်းနှင်စနစ်နဲ့ ဆက်ပြီး ပျံသန်းနေရာက လောင်စာကုန်ချိန်မှာ ပျက်ကျသွားဖို့ ဖြစ်နိုင်ခြေ အရမ်းများတယ်။ လေယာဉ် ပျံသန်းသွားနိုင်တဲ့ လမ်းကြောင်းတွေကိုတော့ ဂြိုဟ်တုက ရိုက်ယူထားတဲ့ ပုံရိပ်တွေကို အခြေခံ တွက်ချက်ထားတာ ဖြစ်ပါတယ်”ဟု ထရက်စ်က ရှာဖွေရေးဇုန်သစ်ကို သတင်းထုတ်ပြန် ကြေညာရင်း မှတ်ချက်ပေး ပြောကြားသွားသည်။

လေယာဉ်နှင့်အတူ လိုက်ပါသွားသူများ၏ ကျန်ရစ်သူ မိသားစုများမှာမူ လနှင့်ချီ ကြာမြင့်လာသည့်တိုင် ရှာဖွေရေး လုပ်ငန်းစဉ်များ၌ ရလဒ်တိုးတက်မှု ရှိမလာခြင်းအတွက် စိတ်ပျက်လျက်ရှိသည်။

7Day News

MH370 လေယာဉ်ကို ရှာဖွေမည့် ဇုန်နေရာအသစ်ကို ဖော်ပြထားသည့် မြေပုံ

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...