<div style='background-color: none transparent;'></div>

Saturday, July 5, 2014

ညမထွက်ရအမိန့်ကို မန္တလေးဘုရားကြီးပါ လိုက်နာနေရ

မန္တလေးမှာ ညမထွက်ရအမိန့် ထုတ်ထားတာကြောင့် မဟာမုနိ ရုပ်ပွားတော်ကြီးရဲ့ မျက်နှာတော်သစ်ချိန် မနက် ၄ နာရီခွဲ အစား မနက် ၅ နာရီ ပြောင်းလဲသွားတယ်လို့ သိရပါတယ်။

မန္တလေးတိုင်းရဲ့ မြို့နယ် ခြောက်မြို့နယ်မှာ ပုဒ်မ ၁၄၄ ထုတ်ထားတာကြောင့် မဟာမုနိ ဂန္ဓကုဋိတိုက် တံခါးဖွင့်ချိန်ကို အရင်အချိန် မနက် ၄ နာရီ မဖွင့်နိုင်တော့ဘဲ မနက် ၅ နာရီ ပြောင်းလိုက်ရတာကြောင့် ဘုရားကြီး မျက်နှာတော်သစ်ချိန်လည်း ပြောင်းလဲသွားရတာ ဖြစ်ပြီး ည ၈ နာရီခွဲမှာတော့ ဘုရားကြီး ဂန္ဓကုဋိတိုက် တံခါးတွေအားလုံး ပိတ်မှာဖြစ်တယ်လို့ ဘုရားဂေါပကအဖွဲ့ အတွင်းရေးမှူး ဦးစိန်သင်က ဆိုပါတယ်။

"သက်ဆိုင်ရာက ထုတ်တဲ့ ပုဒ်မ ၁၄၄ ပါအချိန်ကန့်သတ်ချက် မပြင်မချင်း ဘုရားကြီး တံခါးဖွင့်ချိန်နဲ့ ပိတ်ချိန်ကို ဒီအတိုင်းထားရှိဦးမှာပါ" လို့လည်း ဦးစိန်သင်က ဆိုပါတယ်။

ဘုရားကြီးအရှေ့ဘက်မုခ်မှာ အာရုံဆွမ်းနဲ့ပန်းတွေ ရောင်းဝယ်နေတဲ့ ဒေါ်ဝင်းမြိုင်က "ဒီနေ့တံခါးဖွင့်ချိန် နောက်ကျတော့ လူအလာ နည်းသွားတယ်။ ဘုရားဖူးကားလည်း နည်းပြီး ဘုရားကြီးကျောင်းတိုက် ဝန်းကျင်မှာ တည်းခိုနေတဲ့ နယ်ဘုရားဖူး တွေလည်း မနက်၅နာရီထိုးပြီးမှ ရောက်လာတယ်" လို့ ပြောပါတယ်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ မြို့နယ် ခြောက်မြို့နယ်ထဲမှာ ရန်ကုန်-မန္တလေး ကားလမ်းပေါ်မှာရှိတဲ့ အမရပူရမြို့လည်း ပါတာမို့ ရန်ကုန်ကနေ အစောဆုံး ရောက်လာတဲ့ ဘုရားဖူးကားတွေ၊ ကုန်တင်ကားတွေဟာ အမရပူရမြို့ နယ်နိမိတ်ထဲ ဝင်ခွင့် မရှိတာကြောင့် စဥ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာ အပါအဝင် ကားလမ်းမကြီးနဲ့ နီးတဲ့ ကျေးရွာတွေမှာ ညအိပ်ရပြီး မနက် ၅ နာရီထိုးမှ မန္တလေးမြို့တွင်း မြို့ပြင် ကားဂိတ်တွေကို ဝင်ရတယ်လို့ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး အသင်း တာဝန်ရှိသူတွေ ဆီကနေ သိရပါတယ်။
by thevoiceweekly
Photo: ညမထွက်ရအမိန့်ကို မန္တလေးဘုရားကြီးပါ လိုက်နာနေရ

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...