<div style='background-color: none transparent;'></div>

Friday, July 25, 2014

MH17၏ Black Boxများတွင် မသမာသည့် ပြုပြင်ပြောင်းလဲထားမှုများ မရှိဟု ကျွမ်းကျင်သူများပြော

Photo- AFP/Damien Simonart
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် MH17 ခရီးသည်တင် လေယာဉ်မှ ပြန်လည် ရရှိလာသည့် Black Boxများမှ အချက်အလက်အားလုံးကို Download ရယူခဲ့ပြီဖြစ်ပြီး မသမာသည့် နည်းလမ်းဖြင့် ပြောင်းလဲထားမှု အထောက်အထား မတွေ့ရကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။
ရုရှားလိုလားသည့် ယူကရိန်း ခွဲထွက်ရေး ပြောက်ကျား သူပုန်များက ဒုံးကျည်ဖြင့် မှားယွင်းပစ်ချခဲ့သည်ဟု ယူဆရသော လေယာဉ်ပျက်မှ Black Boxနှစ်လုံးကို သူပုန်များ၏ လက်လွှဲပေးမှုကြောင့် ပြန်လည် ရရှိခဲ့သည်။ နယ်သာလန် နိုင်ငံမှ ကျွမ်းကျင်သူများက ပျံသန်းမှုဆိုင်ရာ မှတ်တမ်းများ သိုလှောင်သိမ်းဆည်းထားသည့် Black Box၏ အချက်အလက် အားလုံးကို ရယူထားနိုင်ပြီဖြစ်ပြီး ပြုပြင် ပြောင်းလဲထားသည့် လက္ခဏာ မရှိကြောင်း ဆိုသည်။
“တစ်ခုခု ဖျက်လိုဖျက်ဆီး လုပ်ထားတာ၊ လှည့်စားထားတာမျိုး ဘာအထောက်အထားမှ မတွေ့ရပါဘူး”ဟု နယ်သာလန် လုံခြုံရေး ဘုတ်အဖွဲ့ (OVV)မှ တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြုခဲ့သည်။ ၎င်းက “တိကျမှန်ကန်တဲ့ ပျံသန်းမှုဆိုင်ရာ အချက်အလက်တွေကို အောင်အောင်မြင်မြင်ပဲ Download ရယူနိုင်ခဲ့ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။ ကျွမ်းကျင်သူများသည် လေယာဉ်မှူးခန်းအတွင်း ပြောဆိုနေမှုများကို အသံသွင်း သိမ်းဆည်းထားသည့် Black Boxမှ အချက်အလက်များကိုလည်း ဇူလိုင်(၂၃)ရက်က အောင်မြင်စွာ Download ရယူနိုင်ခဲ့ပြီး ဖြစ်သည်။
လတ်တလောတွင် အဆိုပါ Black Box နှစ်လုံးကို ဗြိတိန်နိုင်ငံ၊ လန်ဒန်တောင်ပိုင်းရှိ ဖန်းဘရော့ရှိ လေကြောင်းမတော်တဆမှု စုံစမ်းရေးဌာနတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်။ OVVသည် ယူကရိန်း သူပုန်များထံမှ Black Boxများကို လက်လွှဲယူပြီး ဖန်းဘရော့သို့ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်(၁၇)ရက်က ပျက်ကျသည့် MH17 လေယာဉ်တွင် လိုက်ပါသွားသူ (၂၉၈)ဦးစလုံး သေဆုံးပြီး ယင်းတို့အနက် (၁၉၃)ဦးသည် နယ်သာလန် နိုင်ငံသားများ ဖြစ်ကြသည်။
_Channel Newsasia

by 7daydaily

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...