<div style='background-color: none transparent;'></div>

Wednesday, November 19, 2014

ဟန်ဆောင် လက်ထပ်ကာ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ရန် ကြံစည်သူအား အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ်ချ

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတခရိုင် ဇလွန်မြို့နယ် ဇော်ဂျီကွင်း ကျေးရွာမှ အမျိုးသမီး တစ်ဦးအား အသက် လိမ်၍ မှတ်ပုံတင် ပြုလုပ်ပေးပြီး လိမ်လည်လက်ထပ်ကာ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ရန် စီစဉ် ဆောင်ရွက်သူအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေ ဖြင့် အရေးယူလိုက်ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ အမေရိကန် နိုင်ငံသား အဖြစ် ခံယူထားသူ လှမျိုးမြင့် (ခ) စတီဗင်မျိုးမြင့် ဆိုသူသည် လွန်ခဲ့သော ၂ဝဝ၆ ခုနှစ်က မြန်မာနိုင်ငံသို့ ခေတ္တပြန်လာစဉ် မ---အား အမေရိကန် နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ပါက လစာ အမြောက်အမြားရမည်ဟု ပြောဆို စည်းရုံးခဲ့ပြီး အသက်လိမ်လည်၍ မှတ်ပုံတင် ပြုလုပ်ပေးကြောင်း၊ လင်မယား ဖြစ်မှသာ အမေရိကန် နိုင်ငံသို့ ခေါ်ဆောင်သွားနိုင်မည် ဟူသော အကြောင်းပြချက်ဖြင့် လိမ်လည် လက်ထပ်ကြောင်း၊ သို့ရာတွင် လှမျိုးမြင့် (ခ) စတီဗင် မျိုးမြင့်၏ ဇနီး ဖြစ်သူက မ---ထံ စာဖြင့်ရေးသား၍ အလုပ်လုပ်ရန်အတွက် မဟုတ်ဘဲ ပေါင်းသင်းရန် အတွက်သာ ဖြစ်သည်ဟု အကြောင်းကြားသဖြင့် လိုက်ပါ သွားခြင်း မပြုခဲ့ကြောင်း၊ ယခုတစ်ဖန် အခြား အမျိုးသမီးတစ်ဦးအား ထပ်မံ စည်းရုံးနေကြောင်း စုံစမ်း သိရှိရ သဖြင့် အမှတ် (၇) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (ပုသိမ်) မှ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ လှမျိုးမြင့် (ခ) စတီဗင်မျိုးမြင့် (၆၇) နှစ် လမ်းမတော်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီးနေသူအား နိုဝင်ဘာ ၁၄ ရက်က အလုပ်နှင့် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


by MOIWebportalMyanmar

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...