ကွန်ပျူတာစနစ်သုံး စူပါမားကက်နှင့် ဓာတ်ဆီဆိုင်များ၏ နေ့စဉ်ရောင်းချမှုများကို နည်းပညာနှင့် ထိန်းချုပ်စစ်ဆေးကာ အခွန်ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စူပါ မားကက်များသည် ရောင်းချသည့်ကုန်ပစ္စည်းအရေအတွက်အပေါ်မူတည်၍ ကုန် သွယ်ခွန်ကို တစ်လလျှင် တစ်ခါ၊ ၀င်ငွေခွန်ကို တစ်နှစ်လျှင် တစ်ခါ စာရင်းချုပ်၍ အခွန်ဆောင်ရသည်။
ယင်းစနစ်ထက် ပိုမိုတိကျ သော ယခု အီလက်ထရွန်နစ် စနစ်ကို အကောင်အထည်ဖော်ခြင်းဖြစ်သည်ဟု ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်ဦးမင်းထွဋ်က ပြောသည်။
‘‘အစိုးရဘက်က အခွန်ရသင့်ရထိုက်တာ ပိုတိုးတိုးပြီးရလာအောင်လုပ်တာပါ။ အခုဒီကိစ္စကို လုပ်ဖို့အတွက် နည်းပညာကုမ္ပဏီတွေ လာပြီးတင်ပြနေတာရှိတယ်။ ပြည်တွင်း၊ ပြည်ပကုမ္ပဏီတစ်ခုကို တင်ဒါရွေးပြီး မကြာခင်တပ်ဆင်သွားမယ်’’ဟု ဦးမင်းထွဋ်ကပြောကြားသည်။
ထိုစနစ်နှင့် ပတ်သက်၍ သက်ဆိုင်ရာဌာနမှ အကြောင်းကြားခြင်း မရှိသေးကြောင်းနှင့် လက်ရှိစနစ်အတိုင်းသာ အခွန်ဆောင်ကြောင်း စိန်ဂေဟာအရောင်းစင်တာမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
‘‘ဒီကိစ္စနဲ့ပတ်သက်ပြီး တစ်ခါက အကြောင်းကြားတာရှိတယ်။ ဒီိကိစ္စက အပိုအလုပ်ကိစ္စလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စက်သုံးဆီတွေက အကုန်လုံး ပင်လယ်ဝကနေ သွင်းနေတာ။ ဒီကတည်းက အခွန်ကောက်လို့ရနေတာပဲ’’ဟု နယူးဒေး စက်သုံးဆီဆိုင်အထွေထွေမန်နေဂျာ ဦးမြတ်သန်းဝင်းကပြောသည်။
စက်သုံးဆီများစတင် တင်သွင်းသည်နှင့်တစ်ပြိုင်နက်ဆိပ်ကမ်းတွင် ကုန်သွယ်ခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ပြီးဖြစ်ကာ ဆိပ်ကမ်းတွင် ရဲ၊ အခွန်ထမ်း၊ ကျန်း မာရေးစသည့်အဖွဲ့များစစ်ဆေးသဖြင့် မသမာမှုလုပ်ရန်မလွယ်ကြောင်း ၎င်းကရှင်းပြသည်။ စက်သုံးဆီဆိုင်အများစုမှာပင်လယ်ဝဘက်ကသာ တင်သွင်းပြီး နယ်စပ်မှ တင်သွင်းမှုနည်းပါးခြင်းကြောင့် တင်သွင်းစဉ်ကပင် အပြီးပြတ်ဆောင်ရွက်နိုင်ကြောင်း ၎င်းက ပြောသည်။
ယင်းစနစ်သစ်ကြောင့် အခွန်ငွေကို တိကျစွာရရှိနိုင်ပြီး အခွန်တိမ်းရှောင်မှုများ၊ ထိမ်ချန်မှုများမရှိနိုင်သဖြင့် ယခုစနစ်မှာ နိုင်ငံတော်အတွက် အကျိုးရှိမည် ဖြစ်ကြောင်း အငြိမ်းစားအခွန်ဦးစီးမှူးတစ်ဦးကပြောသည်။
မြန်မာနိုင်ငံ၏ အခွန်စနစ်ကို အစိုးရသစ်စတင်ချိန်တွင် အမေရိကန်နှင့် နယူးဇီလန်နိုင်ငံတို့မှ ပညာရှင်များ လာရောက်လေ့လာခဲ့ပြီးနောက် အခွန်စနစ်ပြုပြင် ပြောင်းလဲရန် အကြံပြုခဲ့သည်။ အစိုးရသစ်စတင်ချိန်တွင် အခွန်သည် GDP ၏ ၃ရာခိုင်နှုန်းသာရှိသည်။ ယခုစတင်မည့် စနစ်သစ်အတွက် ဂျပန်နိုင်ငံက အကူအညီပေးခြင်းဖြစ်သည်။
by 7daydaily
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...