<div style='background-color: none transparent;'></div>

Saturday, December 6, 2014

အမေရိကန်တွင် ခေါင်းနှစ်လုံးနှင့် ကလေးမွေးဖွား

အတ္တလန်တာ၊ ဒီဇင်ဘာ ၅။ အမေရိကန်နိုင်ငံ ဂျော်ဂျီယာ ပြည်နယ်တွင် လူတစ်သန်း၌ တစ်ဦးနှုန်းပင် မွေးဖွားခဲသည့် ခေါင်းနှစ်လုံးနှင့် ကလေးငယ်တစ်ဦးကို ဒီဇင်ဘာ ၄ရက်က မွေးဖွားခဲ့သည်။ မြို့ တော် အတ္တလန်တာတွင် နေထိုင်သူ ရိုဘင်နှင့် မိုက်ကယ်တို့ ဇနီးမောင်နှံတွင် နံနက် ၇ နာရီ ၃၂ မိနစ်၌ ရှားပါး ဖြစ်ခဲလှသည့် ခန္ဓာကိုယ် တစ်ခုတည်း ရှိပြီး ခေါင်းနှစ်လုံး ပါရှိသည့် သားယောက်ျား အမွှာပူးလေးကို မွေးဖွားခဲ့ခြင်း ဖြစ်သည်။
TwoHead
"ကလေးတွေ မွေးလာတော့ အားလုံးကို တအံ့တသြ ဖြစ်သွားစေတယ်။ ခေါင်းလေး နှစ်လုံးစလုံးမှာ ရှိတဲ့ မျက်လုံးလေးတွေနဲ့ ငိုနေ ကြတယ်"ဟု ဖခင်ဖြစ်သူ မိုက်ကယ်က ဖေ့ဘုတ်တွင် သူ့ ကလေးများက ကိုးပေါင်နှင့် ဆယ်အောင်စ ရှိကြောင်း ရေးသား ပြော ဆို၍ ကြေညာလိုက်သည်။ အမွှာအဖြစ်မှ အောင်မြင်စွာ ခန္ဓာကိုယ် တစ်ခုစီ ကွဲထွက် ကြီးထွားလာခြင်း မရှိဘဲ ခေါင်းနှစ်လုံးသာ ဖွံ့ဖြိုးလာခဲ့ သောကြောင့် ယခုကဲ့သို့ ခန္ဓာကိုယ် တစ်ခုတည်းနှင့် ခေါင်းနှစ်လုံး ပါရှိနေခြင်း ဖြစ်သည်။ ထူးခြားသည်မှာ ခန္ဓာကိုယ်မှာ အခြားကလေးများကဲ့သို့ အင်္ဂါအစုံအလင်ပင် ဖြစ်ပြီး ခေါင်းတွင်သာ နှစ်လုံး ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ယင်းခေါင်းနှစ်လုံးမှာလည်း တစ်လုံးနှင့် တစ်လုံး အရွယ်အစား တူညီပြီး အင်္ဂါများ ချွတ်ယွင်းမှု မရှိပေ။ အဆိုပါ ခေါင်းနှစ်လုံးမှာ တစ်လုံးနှင့် တစ်လုံး လှုပ်ရှားပုံခြင်း မတူညီသောကြောင့် ခေါင်းတစ်လုံးလျှင် စိတ်တစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ သို့ဖြစ်ရာ ယင်းကလေးငယ်ကို သတင်းသမား များက "တစ်ကိုယ် နှစ်စိတ်"ဟု အမည်တပ်ခဲ့ ကြသည်။
အဆိုပါ ခေါင်းနှစ်လုံး ကလေးငယ်သည် ကျန်းမာပြီး အောက်ဆီဂျင် ပေးစရာ မလိုကြောင်း ဆရာဝန်များက ပြောသည်။ မိဘများကမူ ခန္ဓာကိုယ် တစ်ခုသာ ပါဝင်သော်လည်း ခေါင်းနှစ်လုံးနှင့် စိတ်နှစ်စိတ် ပါဝင်သောကြောင့် ကလေး နှစ်ယောက်အဖြစ် သတ်မှတ်ကာ ကလေးများကို အေဆာနှင့် အီလီဟု အမည်ပေးထားသည်။
  
အေဆာနှင့် အီလီတို့ ကဲ့သို့ အမွှာပူးခြင်းသည် တစ်သန်းတွင် တစ်ယောက်ဖြစ်ခဲသလို မည်သို့ မျှလည်း ခွဲစိတ်၍ မဖြစ်နိုင်ကြောင်း ဆရာဝန်များက ပြောသည်။ ယင်းအမွှာပူး အေဆာနှင့် အီလီသည် နှလုံးက တစ်ခုတည်းရှိပြီး အဆုတ်က သုံးခုပါရှိနေသည်။ အဆုတ်တစ်ခုမှာ နှစ်ဦးအတူ ချိတ်ဆက် ထားကြခြင်းဖြစ်သည်။
  
မိဘနှစ်ပါး ဖြစ်သည့် အသက် ၃၄ နှစ်စီရှိကြပြီ ဖြစ်သည့် ရိုဘင်နှင့် မိုက်ကယ်တို့ မှာ ကလေး ထပ်မရနိုင်တော့ဟု ထင်ထားသူများ ဖြစ်ရာ အေဆာနှင့် အီလီလေး မွေးဖွားလာ၍ ၎င်းတို့ ၏ သမီးကြီးဖြစ်သူ ဆီလက်နှင့် အတူ သားအမွှာ ခေါင်းနှစ်လုံးနှင့် ကလေးကို ဝမ်းပန်းတသာဖြင့် နွေးထွေးစွာ ကြိုဆိုခဲ့ကြ တော့သည်။
Ref: Daily Mail
by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...