<div style='background-color: none transparent;'></div>

Saturday, December 6, 2014

ရှစ်တန်းကျောင်းသူအား အဓမ္မပြုကျင့်သူကို ထောင်ဒဏ် ၁၅ နှစ်သာချ၍ မိုးညှင်းတရားရုံးနှင့် ရဲကား ဖျက်ဆီးခံရ

ကချင်ပြည်နယ် မိုးညှင်းခရိုင် တရားရုံးတွင် ဒီဇင်ဘာလ ၄ ရက်နေ့က အဋ္ဌမတန်းကျောင်းသူအား အဓမ္မပြုကျင့်သူကို ထောင်ဒဏ် ၁၅ နှစ်သာ အမိန့်ချသဖြင့် မကျေနပ်၍ဟုဆိုကာ လူတစ်ထောင်ကျော်ခန့်က မိုးညှင်းမြို့နယ် တရားရုံးကို ဝိုင်းကာ ခဲဖြင့် ပစ်ပေါက်သည့်အပြင် ရဲကားတစ်စီးကိုလည်း ဖျက်ဆီးခဲ့ကြောင်း မိုးညှင်းမြို့ ဒေသခံများက The Voice သို့ ဆက်သွယ်ပြောကြားသည်။

“အမိန့်ချပြီးတော့ ညနေ ၃ နာရီ တရားခံကို အချုပ်ခန်းထဲက ထုတ်ပေးဖို့ ရဲစခန်းရှေ့မှာ အော်ဟစ်ကြတယ်။ အဲဒါနဲ့ ရဲက ခေါင်းဆောင်လို့ ထင်တဲ့သူကို ဖမ်းလိုက်တဲ့အတွက် ဆူပူသောင်းကျန်း ကုန်တော့တာ။ အဲဒါနဲ့ သေနတ်ဖောက်တာ ၂၇ ချက်လောက် ရှိတယ်” ဟု မိုးညှင်းမြို့ တရားရုံးအနီး အရှေ့စုရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်တွင် နေထိုင်သူ မြင့်မြတ်သဇင် တည်းခိုခန်းပိုင်ရှင် အသက် ၅၇ အရွယ် ဦးစံသိန်းခေါ် ရီစွတ်သည် တစ်ရပ်ကွက်ထဲနေ အဋ္ဌမတန်းကျောင်းသူ အသက် ၁၅ နှစ်အရွယ် မ…အား အလိုမတူဘဲ သားမယား ပြုကျင့်ခဲ့ကြောင်း၊ ယင်းအမှုကို မိုးကောင်းမြို့နယ် တရားရုံးမှ မိုးညှင်းခရိုင် တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၄ ရက်နေ့တွင် ခရိုင်တရားသူကြီး ဦးစောထွန်းက ယင်းသို့ အမိန့်ချလိုက်ခြင်း ဖြစ်သည်။

ဦးစံသိန်းခေါ် ရီစွတ်ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ငါးနှစ်၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ်ကို သီးခြားကျခံစေရန် ခရိုင်တရားသူကြီး ဦးစောထွန်းက အမိန့်ချခဲ့ခြင်း ဖြစ်သည်။

ကနဦးကတည်းကပင် ယင်းအမှု ဖြစ်စဉ်အပေါ် ဒေသခံများက မကျေမနပ် ဖြစ်နေကြပြီး အမိန့်ချသည့်နေ့တွင် မိုးကောင်း၊ ဟိုပင်၊ နန်းမား၊ အင်းတော်ကြီး ဒေသတို့မှ လူတစ်ထောင်ကျော်တို့သည် အမိန့်ကြားနားမှုကို လာရောက်နားထောင်ပြီး ပြစ်ဒဏ်ချမှတ်မှုအပေါ် မကျေနပ်ခြင်းကြောင့် ရုန်းရင်းဆန်ခတ် ဖြစ်သွားခြင်း ဖြစ်ကြောင်း မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“တရားရုံးရှေ့မှာ တရားသူကြီးကို ဆဲဆိုတယ်။ ပြီးတော့ အရှေ့စု ၂ လမ်းထဲက ခရိုင်တရားသူကြီး ငှားရမ်းထားတဲ့ အိမ်ကို ခဲနဲ့ဝိုင်းထုကြတယ်။ အိမ်ရှေ့မှာ ရပ်ထားတဲ့ ရဲကားကို ဝိုင်းထုရိုက်ခွဲကြတယ်” ဟု ၎င်းကဆိုသည်။

မိုးညှင်းမြို့ နမီးစုရပ်ကွက်တွင် နေထိုင်သည့် အသက်၂၇ နှစ်အရွယ် မျက်မြင်တစ်ဦးကမူ “ရဲတွေက အရင်ရိုက်တော့ ဒေါသထွက်ပြီး လူအုပ်ကြီးက ခဲနဲ့ ပြန်ထုကြတာ။ ရဲတွေ အေးဆေးမရှင်းဘဲ အရင်သွားရိုက်တော့ ဖြစ်ကုန်တာပေါ့” ဟု The Voice ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားသည်။

မိုးညှင်းမြို့နယ် ရဲစခန်းမှ အရာရှိတစ်ဦးကမူ ဖြစ်စဉ်အသေးစိတ်ကို ပြောပြခြင်း မရှိသော်လည်း သေနတ်ပစ်ဖောက် တားဆီးခဲ့သည်ကို အတည်ပြုခဲ့ပြီး အဆိုပါ ရုန်းရင်းဆန်ခတ် ဖြစ်မှုကြောင့် ထိန်းသိမ်းထားသော ခေါင်းဆောင်ပိုင်းများကိုလည်း ယင်းနေ့တွင်ပင် ပြန်လွှတ်ပေးလိုက်ကြောင်း ပြောကြားသည်။

“အခုတော့ အေးဆေးဖြစ်သွားပြီ။ ဘာမှ မဖြစ်တော့ပါဘူး” ဟု ဒီဇင်ဘာ ၅ ရက်နေ့ နေ့လည်ပိုင်းတွင် ၎င်းကဆိုသည်။

ယင်းအဓမ္မပြုကျင့်မှုမှာ အောက်တိုဘာလ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
by thevoiceweekly

Photo: ရှစ်တန်းကျောင်းသူအား အဓမ္မပြုကျင့်သူကို ထောင်ဒဏ် ၁၅ နှစ်သာချ၍ မိုးညှင်းတရားရုံးနှင့် ရဲကား ဖျက်ဆီးခံရ

ရန်ကုန်၊ ဒီဇင်ဘာ ၅

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...