<div style='background-color: none transparent;'></div>

Saturday, December 13, 2014

တရုတ်လယ်သမားများနှင့်လက်ထပ်ခဲ့သည့် ဗီယက်နမ်အမျိုးသမီး ၁၀၀ ကျော် ပျောက်ဆုံး


တရုတ်ကျေးလက်က လယ်သမားတွေနဲ့ လက်ထပ်ခဲ့တဲ့ ဗီယက်နမ်အမျိုးသမီး ၁ ရာကျော် ပျောက်ဆုံး နေတယ်လို့ ရိုက်တာ သတင်းတရပ်မှာ ဖော်ပြပါတယ်။

ဗီယက်နမ် အမျိုးသမီးတွေဟာ တရုတ်ပြည်မြောက်ပိုင်း ဟီဘိုင် ပြည်နယ်ထဲက ဒေသသုံးခုမှာနေတဲ့ လယ်သမားတွေနဲ့ နိုဝင်ဘာလ ၂၀ ရက်နေ့က တချိန်တည်းနီးပါး လက်ထပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီလို လက်ထပ်ဖို့အတွက် တရုတ် သတို့သားတွေက သတို့သမီးတယောက်စာအတွက် ဗီယက်နမ်အမျိုးသမီးပွဲစားကို တရုတ် ယွမ်ငွေ ၁ သိန်း၊ အမေရိကန် ဒေါ်လာ ၁ သောင်းခွဲ ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အခုတော့ သတို့သမီးတွေလည်း ပျောက်နေသလို၊ ပွဲစားလည်း အစပျောက်နေတယ်လို့ ပူပူနွေးနွေး ဇနီးသည် ပျောက်နေတဲ့ ဇူဇောင်ဆိုတဲ့ အမျိုးသား ပြောပါတယ်။

ပွဲစားက ခေါ်သွားတဲ့ သတို့သမီးတွေထဲက ပြန်လွတ်လာတဲ့တယောက်က သူ အိပ်ရာက နိုးတဲ့အချိန်မှာ အလင်းရောင်မရှိတဲ့အခန်းထဲမှာ ရောက်နေတယ်လို့ ပြောပြပါတယ်။

ပွဲစားက သူ့ကို နောက်တယောက်နဲ့ လက်ထပ်ဖို့ စည်းရုံးတာကို သူက ငြင်းခဲ့ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့  ဆိုပါတယ်။

ဒီနှစ်ပိုင်းတွေအတွင်း တရုတ်ပြည်ကျေးလက်ဒေသက အမျိုးသားတွေဟာ ဗီယက်နမ်က သတို့သမီးတွေကို ရဖို့ ပွဲစားခအကုန်အကျခံပြီး ကြိုးစားလာကြပါတယ်။

လူကုန်ကူးမှု၊ လိမ်လည် လှည့်ဖြားမှုတွေ ရှိပေမယ့် ဒီလုပ်ငန်းဟာ လျှော့မသွားဘဲ ပိုကျယ်ပြန့်နေပါတယ်။

တရုတ်ပြည်မှာ အမျိုးသားဦးရေနဲ့ အမျိုးးသမီး ဦးရေ မညီမျှတာဟာ နောက်ကွယ်က အကြောင်းရင်းတရပ်ဖြစ်သလို၊ တရုတ် သတို့သမီးအတွက် ကုန်ကျစရိတ်က ယွမ်ငွေ သိန်းပေါင်းများစွာ ရှိတာကြောင့် ဆင်းရဲတဲ့ လယ်သမားတွေဟာ အကုန်အကျ သက်သာတဲ့လမ်းကို လိုက်တာလည်း ပါတယ်လို့ ဒီလုပ်ငန်းကို နားလည်သူတွေက ဆိုကြပါတယ်။

လေလောဆယ် ဗီယက်နမ် အမျိုးသမီးတွေ ပျောက်ဆုံးနေတဲ့ ကိစ္စကို ရဲက ရှာဖွေနေတဲ့ အချိန်မှာတော့ တရုတ်လယ်သမားတွေဟာ ပူပူနွေးနွေး သတို့သမီးတွေ ပျောက်နေသလို၊ မိန်းမရဖို့ စုဆောင်းပြီး  ပွဲစားကို ပေးရတဲ့ ငွေပါ ရှုံးနေကြပါတယ်။

By ဒီဗွီဘီ

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...