<div style='background-color: none transparent;'></div>

Friday, December 19, 2014

နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှစ်သိန်းအထိ တိုးမြှင့်ပေးရန် သူရဦးရွှေမန်း တိုက်တွန်း

ဝန်ကြီးဌာနတစ်ခု၏ ရုံးခန်းအတွင်း ရုံးလုပ်ငန်းများဆောင်ရွက်နေသည့် ဝန်ထမ်းများကိုတွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)
 နိုင်ငံ့ဝန်ထမ်းများ၏ အနိမ့်ဆုံးလစာကို ကျပ်တစ်သိန်းနှစ်သောင်းမှ နှစ်သိန်းအထိ တိုးမြှင့်ပေးစေလိုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရ၀န်ကြီးဌာနများသို့ တိုက်တွန်းလိုက်ကြောင်း သတင်းရရှိသည်။
လက်ရှိရနေသည့် အနိမ့်ဆုံး လစာ ကျပ်ခြောက်သောင်းခန့်မှ နှစ်ဆကျော် တိုးမြှင့်ပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက အစိုးရအဖွဲ့ဝန်ကြီး ဌာနများအား ပြောကြားခဲ့ခြင်းဖြစ်သည်။
  နိုင်ငံ့ဝန်ထမ်းတစ်ဦး၏ အနိမ့်ဆုံးလစာသည် ကျပ် တစ်သိန်းနှစ်သောင်းမှ နှစ်သိန်းအတွင်းဖြစ်သင့်သည်ဟု သူရဦး ရွှေမန်းက ပြောကြားခဲ့ပြီး လူနေမှုကုန်ကျစရိတ်၏ သုံးဆကို လစာအဖြစ်ပေးရမည့် တွက်ချက်မှုအရ အနိမ့်ဆုံးဝန်ထမ်းတစ်ဦး၏ လစာသည် ယင်းပမာဏဖြစ်သင့်ကြောင်း ၂၀၁၅-၁၆ ဘတ်ဂျက် စီမံကိန်းအစည်းအဝေးတွင် သူရ ဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ရှိ အနိမ့်ဆုံးအဆင့် နိုင်ငံ့ဝန်ထမ်းတစ်ဦး ရရှိသည့် လစာသည် ကျပ်ခြောက်သောင်းခန့်သာဖြစ်ပြီး အမြင့်ဆုံးညွှန်ကြားရေးမှူးချုပ်အဆင့်သည် ကျပ်သုံးသိန်းခန့်သာ ရှိသည်။
‘‘လွှတ်တော်အမတ်တွေတိုးဖို့ ဆုံးဖြတ်တာမြန်တယ်။ ကျွန်မတို့ကျတော့ ဟိုထိုး၊ ဒီထိုးနဲ့ မပြီးတော့ဘူး’’ဟု တက္ကသိုလ်နည်းပြ ဆရာမ တစ်ဦးကပြောသည်။
ပြည်ထောင်စုလွှတ်တော်မှ ပူးပေါင်းကော်မတီ သုံးခုနှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာန၊ ဗဟိုဘဏ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တို့ ဒီဇင်ဘာ ၁၈ ရက်က တွေ့ ဆုံဆွေးနွေးရာတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘အနိမ့်ဆုံးအနေအထားက ဘယ်လောက်ရှိမယ်၊ အမြင့်ဆုံး ဘယ်လောက်ပေးမယ်ဆိုတာကို ဆွေးနွေးတာ၊ သေချာတာက ပေးဖို့တော့ လွှတ်တော်ဘက်က အတင်း တွန်းတွန်းတိုက်တိုက် ပြောနေတာပေါ့။ အနိမ့်ဆုံးလစာက တစ်သိန်းနှစ်သောင်းကနေ နှစ်သိန်းထိ၊ သူ့အဆင့်နဲ့ သူပေါ့။ နိုင်ငံ့ဝန်ထမ်းက စုစုပေါင်း ၁၂ ဆင့် ရှိတယ်’’ဟု ပြည်ထောင်စု လွှတ်တော်ဥပဒေကြမ်းပူးပေါင်း ကော်မတီဝင် ဒေါက်တာ စိုးမိုးအောင်ကပြောသည်။
လစာ တိုးမြှင့်ပေးနိုင်မည့် ပမာဏကိုမူ ယနေ့အစည်းအဝေး၌ အစိုးရအဖွဲ့က မပြောကြားနိုင် သေးဘဲ လာမည့်ဇန်န၀ါရီတွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးမှ တင်ပြမည်ဟုဆိုသော်လည်း ဘတ်ဂျက်တွင် မထည့်သွင်းမီ လွှတ်တော်နှင့် ညှိနှိုင်းမှု ပြီးပြတ်မှသာ အဆင်ပြေနိုင်မည်ဟု သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။
နိုင်ငံ့ဝန်ထမ်းများအား လစာ တိုးမြှင့်ပေးရန်အတွက် ပြီးခဲ့သည့် (၁၁)ကြိမ်မြောက်လွှတ်တော်တွင် အရေးကြီးအဆိုတင်၍ အစိုးရအဖွဲ့သို့ တိုက်တွန်းခဲ့သော်လည်း  အစိုးရအဖွဲ့က ညှိနှိုင်းဆဲဖြစ်ပြီး မည်မျှ ပမာဏ တိုးမြှင့်မည်ကို မပြောကြားနိုင်သေးကြောင်း ပြန်ကြားခဲ့သည်။
by 7daydaily

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...