<div style='background-color: none transparent;'></div>

Thursday, December 18, 2014

လှိုင်သာယာ ပဋိပက္ခအတွင်း တဲမီးရှို့သူကို အမှုဖွင့်ထား

ရန်ကုန် (မဇ္ဈိမ)။ ။ လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁) အတွင်းရှိ မြစိမ်းရောင်ကုမ္ပဏီပိုင် မြေပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော်တဲလေးလုံး ကို ဒီဇင်ဘာ ၁၆ ရက်က ဖြစ်ပွားခဲ့သည် ပဋိက္ခအတွင်း မီးရှို့ခဲ့သူကို လှိုင်သာယာမြို့နယ်မှ ရဲက တရားလိုပြုလုပ်ကာ အမှုဖွင့်ထားသည်ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက မဇ္ဈိမကို ပြောသည်။

Police
လှိုင်သာယာမြို့နယ်တွင် ကျူးကျော်နေထိုင်သူများနှင့် ပဋိပက္ခဖြစ်ပြီးနောက် လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင်များကို ည ၉ နာရီက တွေ့ရစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)
"မီးရှို့တဲ့သူကို စုံစမ်းတုန်းပါ။ ခုတောင်ကြီးနယ်မြေရဲစခန်းက နယ်ထိန်းခေါင်းဆောင်က တရားလိုလုပ်ထားတယ်။ မနေ့က အမှုဖွင့်ပြီး စုံစမ်းအရေးယူသွားမယ်"ဟု ၎င်းကဆိုသည်။
ပဋိပက္ခအတွင်း ကျူးကျော်တဲလေးလုံးကို မီးရှို့ဖျက်ဆီးခဲ့သူအား တောင်ကြီးနယ်မြေရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲမှူး ဝင်းလွင်ထွန်းက တရားလို လုပ်ကာ ဒီဇင်ဘာ ၁၇ရက်တွင်  ပ ၉၇၈/၂၀၁၄ ပုဒ်မ ၄၃၆ ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။
ဒီဇင်ဘာလ ၁၅ရက်က ကျူးကျော်တဲများကို မြစိမ်းရောင် ကုမ္ပဏီနှင့် ဝါဝါဝင်းကုမ္ပဏီတို့ ပူးပေါင်းကာ ဖျက်ဆီးခဲ့ပြီး ၁၆ရက်တွင် ထပ်မံဖျက်ရန် လာရောက်စဉ် ကျူးကျော်နေထိုင်သူများနှင့် နှစ်ဖက်စလုံးက တုတ်၊ ဓားများ အသုံးပြုကာ ပဋိပက္ခဖြစ်ပွားခဲ့ပြီး အယောက် ၃၀ကျော် ဒဏ်ရာရရှိခဲ့သည်။
ယင်းသို့ ပဋိပက္ခ ဖြစ်ပွားစဉ် ကျူးကျော်တဲ လေးလုံး မီးရှို့ခံခဲ့ရသော်လည်း မည်သည့်အဖွဲ့က၊ မည်သူရှို့သည်ကို မသိရှိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းနေသည်။
လှိုင်သာယာမြို့နယ် စက်မှုဇုန် (၁) အတွင်းရှိ ဝါဝါဝင်းကုမ္ပဏီပိုင်မြေကို မြစိမ်းရောင် ကုမ္ပဏီသို့ ရောင်းချခဲ့ပြီး မြစိမ်းရောင်ကုမ္ပဏီက အိမ်ရာစီမံကိန်းလုပ်မည်ဖြစ်၍ ပိုင်မြေပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော် တဲအိမ်များကို ကုမ္ပဏီ နှစ်ခုပူးပေါင်း၍ ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။ ယင်းမြေပေါ်တွင် ကျူးကျော်တဲ တစ်ထောင်ကျော်၊ လူဦးရေ တစ်သောင်းဝန်းကျင် နေထိုင်နေပြီး ဒီဇင်ဘာ ၁၇ ရက်တွင် ဖျက်ဆီးခံ တဲများထဲမှ ထက်ဝက်ခန့်က ပြန်လည်ဆောက်လုပ်နေသည်ဟုလည်း ကျူးကျော်သူအချို့က မဇ္ဈိမကို ပြောသည်။
by mizzimaburmese

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...