သံတွဲမြို့နယ်တွင် ၂၀၁၃ အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခ၌ ဦးဆောင်ပါဝင်ခဲ့သူ သုံးဦးကို ထောင်ဒဏ် နှစ် ၃၀ ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ယင်းဖြစ်စဉ်တွင် ရခိုင်လူမျိုး နှစ်ဦးသေဆုံးခဲ့ပြီး ထောင်ဒဏ်ချ မှတ်ခံရသူများမှာ အစ္စလာမ်ဘာသာဝင်များဖြစ်သည်။
ယင်းပြစ်ဒဏ်မှာ ရခိုင်ပြည်နယ်ပဋိပက္ခများအတွင်း ပြစ်မှုကျူးလွန်သူများအနက် ထောင်ဒဏ်အမြင့်ဆုံး ချမှတ်ခဲ့ခြင်းဖြစ် ကြောင်း ဒေသတွင်း အစ္စလာမ်ဘာသာဝင်အသိုင်းအ၀ိုင်းကဆိုသည်။ နိုင်ငံတော်သမ္မတ၏ ရခိုင် ပြည်နယ် ခရီးစဉ်ကာလအတွင်း ၂၀၁၃ စက်တင်ဘာလနှောင်းပိုင်းက သံတွဲမြို့နယ်၌ အကြမ်းဖက်မှုများ စတင်ဖြစ်ပွားခဲ့သည်။ ၂၀၁၃ အောက်တိုဘာ ၂ရက်က တောင်ကုတ်မြို့မှ သံတွဲမြို့သို့ ဆိုင်ကယ် နှစ်စီးဖြင့် လာရောက်သော ရခိုင် လူမျိုးသုံးဦးနှင့် ချင်းလူမျိုးတစ်ဦးတို့ကို အစ္စလာမ်ဘာသာဝင်တစ်စုက ၀ိုင်းဝန်းရိုက်နှက်ခဲ့မှုကြောင့် နှစ်ဦးသေဆုံး၍ နှစ်ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်။ သံသယရှိသူများကို သံတွဲခရိုင်တရားရုံးကတစ် နှစ်ခန့် စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၁၆ ရက်တွင် ပြစ်ဒဏ်အသီးသီး ချ မှတ်ခဲ့ခြင်းဖြစ်သည်။
‘‘အဓိကဦးဆောင်သူသုံးဦးကို ပုဒ်မ ၃၀၂(၂)နဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်း၊ ၃၂၆/၃၄ အရ ၁၀ နှစ်သီးခြား ပြစ်ဒဏ်ချ လိုက်တယ်’’ဟု သံတွဲခရိုင်ရဲတပ် ဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုသည်။
ထို့အပြင် အခြားပါဝင်ပတ်သက်သူ ခုနစ်ဦးကိုလည်း ထောင်ဒဏ် ၁ နှစ်၊ ၃ နှစ်နှင့် ၇ နှစ် စသည့် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ထောင်ဒဏ် နှစ်၃၀အထိ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းမှာ များပြားပြီး တရားစီရင်ရေးတွင် ဘက်လိုက်မှုများရှိကြောင်း မွတ်စလင်လူမျိုး တက်ကြွလှုပ်ရှားသူ ဦးအောင်ဝင်းက ဝေဖန်သည်။
‘‘တောင်ကုတ်၊သံတွဲတင်မကဘူး။ စစ်တွေ၊မြောက်ဦး၊မောင်တောအားလုံး တရားဥပဒေက မညီမျှမှုတွေရှိတယ်။ ရခိုင်ဆိုရင် ၁နှစ်၊ ဘင်္ဂါလီခေါ်ခေါ်၊ ရိုဟင်ဂျာ ခေါ်ခေါ် သူတို့က ၁၀နှစ် အဲဒီလို ဖြစ်နေတယ်’’ဟု ၎င်းက ဆိုသည်။
တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်ကမူ အထက်ပါပုဒ်မ နှစ်ခုပေါင်းထောင်ဒဏ်မှာ နှစ် ၄၀ အထိ အပြစ်ပေး၍ရကြောင်းနှင့် ဒဏ်ရာရရှိမှု၊ သေဆုံးမှုတို့အပေါ် မူတည်၍ ယင်းကဲ့သို့ ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆို သည်။
‘‘နှစ် ၄၀ ချနိုင်တာကို ၃၀ ချ တယ်ဆိုတော့ မဆိုးဘူးလို့ပြောရမလိုပဲ။ ဒေသအခြေအနေ၊ ကျူးလွန်တဲ့ အနေအထားအပေါ် မူတည်ပြီး ပြစ်ဒဏ်ချတာကွာနိုင်တယ်။ ပြီးတော့ ဒေသလုံခြုံရေးထိန်းနိုင်အောင် အပြစ်ပေးတာလည်းဖြစ်နိုင်တယ်’’ ဟု ဦးရောဘတ်စန်းအောင်က သုံးသပ်သည်။
၂၀၁၂ ဇွန်လက တောင်ကုတ်မြို့တွင် အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရမှုနှင့် ပတ်သက်၍ ရခိုင်တိုင်းရင်းသား ခုနစ်ဦးကို သံတွဲခရိုင်တရားရုံးက ပြီးခဲ့သည့်လပိုင်းအတွင်း ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
by 7daydaily










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...