<div style='background-color: none transparent;'></div>

Friday, December 19, 2014

ဖယောင်းတိုင်ထွန်းရာမှ မီးလောင်မှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး သေဆုံး

ရန်ကုန် (မဇ္ဈိမ)။ ။ ပလတ်စတစ်ပုံးပေါ်တွင် ဖယောင်းတိုင်ထွန်းထားပြီး အိပ်ပျော်သွားစဉ် မီးလောင်မှု ဖြစ်ပွားခဲ့ရာ အသက် သုံးနှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးခဲ့ကာ ၎င်းမိခင်နှင့်အစ်ကိုဖြစ်သူ အသက်ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်တစ်ခု ဒီဇင်ဘာ ၁၇ ရက်၊ နံနက် ၁ နာရီခွဲခန့်က ရွှေပြည်သာမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲ တပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ရွှေပြည်သာမြို့နယ်၊ ကျူးကျော်တဲတွင် နေထိုင်သည့် အသက် ၄၁ နှစ်အရွယ် ဒေါ်ရွှေမိသည် နေအိမ်တဲအတွင်းရှိ ပလတ်စတစ်ပုံးပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ၎င်း၏ သားများဖြစ်သည့် အသက် ခြောက်နှစ်နှင့် သုံးနှစ်အရွယ် ကလေးနှစ်ဦးနှင့်အတူ အိပ်ပျော်သွားခဲ့သည်။
ထိုသို့ အိပ်ပျော်သွားစဉ် ဖယောင်းတိုင် မီးစာကုန်သွားပြီး ပလတ်စတစ်ပုံးကို မီးစတင်လောင်ကျွမ်းရာမှ တစ်ဆင့်နေအိမ်ကို မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ပတ်ဝန်းကျင်မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့သဖြင့် မီးငြိမ်းသွားခဲ့ခြင်း ဖြစ်သည်။
မီးလောင်မှုကြောင့် နေအိမ်တွင် အိပ်ပျော်နေသည့် အသက်သုံးနှစ်အရွယ် ယောက်ျားလေးတစ်ဦးမှာ မီးလောင်ခံရပြီး သေဆုံးသွား ခဲ့ကာ ဒေါ်ရွှေမိနှင့် ၎င်း၏အသက်သုံးနှစ်အရွယ် သားတစ်ဦးမှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။
အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ မီးပေါ့ဆစွာ သုံးစွဲခဲ့သည့် ဒေါ်ရွှေမိကို ရွှေပြည်သာမြို့မရဲစခန်းက (ပ) ၈၅၅/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၂၈၅/၃၃၇/၃၀၄ (က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။
by mizzima

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...