ပင်လယ်ပြင်တွင် တိုက်ခတ်သည့် လေပြင်းအန္တရာယ်ကြောင့် တနင်္သာရီတိုင်း ကမ်းရိုးတန်း ကော့သောင်း၊ မြိတ်နှင့် ထားဝယ်မြို့များသို့ ပြေးဆွဲနေသော ကမ်းရိုးတန်း အမြန်ရေယာဉ်များ ခရီးစဉ် ရပ်နားထားရကြောင်း အမြန်ယာဉ် လက်မှတ် အရောင်းဌာနများထံမှ သိရသည်။
တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ တွင် အရှေ့ဘက်မှ လေပြင်းတိုက်ခတ်မှု၊ ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင်အထိ တိုက်ခတ်နေခြင်းကြောင့် အမြန်ယာဉ်များ မထွက်ခွာခြင်း ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးစခန်း (ကော့သောင်း) ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ကတည်းက ပင်လယ်ပြင်တွင် တစ်နာရီ ၃၅ မိုင်နှုန်းဖြင့် လေပြင်းတိုက်ခတ်နေပြီး ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သဖြင့် မြို့နယ်အုပ်ချုပ်ရေးဌာနမှ အမြန်ရေယာဉ်များ ထွက်ခွာခွင့် မပြုတော့ခြင်း ဖြစ်ကြောင်း ကော့သောင်းမြို့နယ် မိုးလေဝသနှင့် ဇလဗေဒဦးစီးမှူး ဦးသောင်းညွန့်က ပြောကြားသည်။
“ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲခွင့်ကို ကော့သောင်းဘက်ကလည်း ထွက်ခွင့်မပြုတော့သလို ထားဝယ်ဘက်ကလည်း လာခွင့်မပေးတော့ဘူး” ဟု ၎င်းကပြောသည်။
ကမ်းရိုးတန်း အမြန်ယာဉ်များသည် ရာသီဥတု အခြေအနေအရ ရက် ၂၀ နီးပါး ရပ်နားထားရမည် ဖြစ်ပြီး ဒီဇင်ဘာလကုန်ပိုင်းမှသာ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း အမြန်ယာဉ် လက်မှတ် အရောင်းကိုယ်စားလှယ်များက ဆိုသည်။
အမြန်ယာဉ်များမှာ လေပြင်း တိုက်ခတ်နေသောကြောင့် ခရီးစဉ် ရပ်နားထားပြီး ကော့သောင်း- ရနောင်း ပဲ့ချိတ်များမှာ ပုံမှန်အတိုင်း ပြေးဆွဲလျက်ရှိသည်။
ယခု ရက်ပိုင်းအတွင်း မွန်နှင့် တနင်္သာရီကမ်းရိုးတန်းတွင် အရှေ့လေပြင်းများ တိုက်ခတ်နိုင်ပြီး ပင်လယ်ပြင်တွင် လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ထုတ်ပြန်ထားသည်။
by the voice weekly
Thursday, December 18, 2014
လေပြင်းကြောင့် တနင်္သာရီ ကမ်းရိုးတန်း အမြန်ယာဉ် ခရီးစဉ်ရပ်နား
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...