ပခုက္ကူမြို့၊ အ.ထ.က (၁) ကျောင်းရှေ့တွင် လူစုလူဝေး မဖြစ်ပေါ်ရန် ရှင်းလင်းနေသည်ကို တွေ့ရစဉ်
ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်၊ ရိပ်သာလမ်းပေါ်ရှိ အ.မ.က (၁၇)
ကျောင်းရှေ့တွင် ယနေ့ (၁၃ ရက်နေ့)မွန်းလွဲ ၁ နာရီ အချိန်ခန့်၌
ဆိုင်ကယ်လေးစီးက''စာသင်ကျောင်းအား မီးရှို့နေပြီ'' ဟု အော်ဟစ်
ထွက်ပြေးသွားရာမှ ကျောင်းသားမိဘများမှာ သက်ဆိုင်ရာ ကျောင်းများရှေ့တွင်
ကလေးငယ်များကို ပြန်လည် ခေါ်ယူရန် ရောက်ရှိလာခြင်းကြောင့် လူစုလူဝေး
ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ကြောင်း
သတင်းရရှိသည်။
ထိုသို့ ဖြစ်ပေါ်ခဲ့ရာတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများက
ကျောင်းများရှေ့တွင် စုရုံးရောက်ရှိနေသော ကျောင်းသား မိဘများအား
မည်သည့်ပြဿနာမှ ဖြစ်ပွားခြင်း မရှိကြောင်း၊ ကျောင်းများအားလုံးမှာ
အေးချမ်းစွာ စာသင်ကြားလျက်ရှိကြောင်း ဖြေရှင်းပြီး အားလုံးလူစုခွဲရန်၊
သင်ကြားရေးအား အနှောင့်အယှက် မပြုရန် ရှင်းလင်းပြောကြားခဲ့သည့် အတွက်
မွန်းလွဲ ၂ နာရီဝန်းကျင်တွင် လူစုကွဲသွားခဲ့ကြောင်း သိရသည်။
''ပြဿနာဖြစ်အောင် ဖန်တီးတဲ့ လှုံ့ဆော်မှုတွေပါ။ အမှတ်(၃)ရပ်ကွက်မှာ ရှိတဲ့
အ.မ.က (၁၇)ကျောင်းရှေ့မှာ ဆိုင်ကယ်လေးစီးကနေ စာသင်ကျောင်းတွေကို
မီးရှို့နေပြီလို့ အော်ပြေးသွားတဲ့အတွက် လူစုလူဝေး ဖြစ်သွားတာပါ။ အခြေအနေကို
အေးအေးဆေးဆေးဖြစ်အောင် ထိန်းသိမ်းနိုင်ပါပြီ။ လက်ရှိတော့
စာသင်ကျောင်းတွေရှေ့မှာ ရဲလုံခြုံရေးတွေ ချထားပါတယ်'' ဟု မြို့နယ်
အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်ဦးက ပြောကြားသည်။
မြို့ခံများကြားတွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာများ
ပေါ်ပေါက်ရန်အတွက် လှုံ့ဆော်ဖန်တီးခြင်း ဖြစ်နိုင်ကြောင်း၊
ထိုကဲ့သို့''စာသင်ကျောင်းတွေကို မီးရှို့နေပြီ'' ဟု လှုံ့ဆော်အပြီး
မြို့ထဲရှိ လမ်းများပေါ်တွင် အရက်သောက်သုံး ထားသည်ဟု ယူဆရသော သူများမှာ
တုတ်၊ ဓားများဖြင့် သွားလာနေသည်ကို တွေ့မြင်ရပြီး ရဲတပ်ဖွဲ့ဝင်များက
လိုက်လံရှာဖွေ ထိန်းသိမ်းနေကြောင်း သိရသည်။
ယခုကိစ္စ မဖြစ်ပွားမီ ဇွန် ၁၂ ရက်ညကလည်း သီရိဂေဟာလမ်းရှိ အိမ်တစ်အိမ်
အတွင်းသို့ အမျိုးသမီးတစ်ဦး ထူးထူးခြားခြား ၀င်ရောက်ခဲ့သည်ဟု သိရသည်။
''မနေ့ည ၁၂ နာရီလောက် ကျွန်မတို့ အိမ်တံခါးကို အတင်းတွန်းဖွင့်ပြီး
အိမ်ထဲကို အမျိုးသမီးတစ်ဦး ၀င်လာတယ်။ ဘာလို့ အိမ်ထဲကို ၀င်တာလဲ၊
ဘာလုပ်တာလဲ မေးတော့ ကျွန်မတို့ကို ပြူးပြူးကြီး ပြန်ကြည့်တယ်။ မေးတာကို
ပြန်ဖြေတာလည်း ကျွန်မတို့မသိတဲ့ စကားတွေနဲ့ ပြန်ဖြေတယ်။ ကုလားဘာသာစကား
ဖြစ်မယ်ထင်တယ်။ အိမ်ထဲကနေသူကို အတင်း ထွက်ခိုင်းလိုက်ရတယ်။ နောက်တစ်ခါ
ပြန်လာတော့ လူကြီးတွေကနေ ဘာလာလုပ်ပြန်တာလဲ။ သွားဆိုပြီး နှင်ထုတ်လိုက်မှ
ထွက်သွားတယ်။ တခြားနေရာက ဖြစ်မယ်ထင်တယ်'' ဟု အဆိုပါ အမျိုးသမီးက
ပြောကြားခဲ့သည်။
by weeklyeleven
Friday, June 14, 2013
ပခုက္ကူမြို့တွင် လူမျိုးရေးနှင့် ဘာသာရေး ပြဿနာ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုကြောင့် စာသင်ကျောင်းရှေ့တွင် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...