ရီးယဲလ်မက်ဒရစ် အသင်း၏ ဘောလုံး ဒါရိုက်တာ ဇနီဒင်းဇီဒန်းက ယခုရာသီ
ခရစ္စတီယာနို ရော်နယ်လ်ဒို၏ စွမ်းဆောင်မှုများသည် အလွန် ခမ်းနား
ကြီးကျယ်ကြောင်း ချီးကျူး ပြောကြားလိုက်သည်။
ပြင်သစ်ဂန္ထဝင် ဘောလုံးသမားဟောင်းကြီးက ရော်နယ်လ်ဒို အနေဖြင့် ယခုရာသီ ပေါ်တူဂီနှင့် ရီးယဲလ်တို့ အတွက် ကစားပြခဲ့သည့် ကိုယ်ရည်ကိုယ်သွေးများ အပေါ် အလွန် အထင်တကြီး ရှိနေသည်။ အသက်(၂၈)နှစ်ရှိ ရော်နယ်လ်ဒိုသည် ပေါ်တူဂီကို ကမ္ဘာ့ဖလား ပြိုင်ပွဲသို့ ရောက်ရှိအောင် ဆောင်ကြဉ်း ပေးခဲ့သလို ရီးယဲလ်နှင့်အတူ ခြေစွမ်း ပြသရင်း လာလီဂါ၏ တစ်နှစ်တာ တန်ဖိုး အရှိဆုံး ကစားသမား ဆုကိုလည်း ရရှိထားသည်။ ရီးယဲလ် အတွက် ဂိုးများ ဆက်တိုက်သွင်းနေသော ရော်နယ်လ်ဒိုသည် ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆု (Ballon d'Or)အတွက်လည်း ရေပန်း အစားဆုံး အဖြစ် ရပ်တည်လျှက် ရှိသည်။
ဇီဒန်းက "ရော်နယ်လ်ဒိုဟာ သူဘာတွေ လုပ်နိုင်တယ် ဆိုတာကို ပေါ်တူဂီ၊ ရီးယဲလ်မက်ဒရစ် အသင်းတွေနဲ့အတူ ပြသခဲ့ပါတယ်"ဟု ဆိုသည်။ ဇီဒန်းသည် ဘာနေဗျူးတွင် နည်းပြကြီး ကာလိုအန်ဆလော့တီကို အထောက်အကူ ပေးနေသည့် နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ်လည်း တာဝန်ယူထားသူ ဖြစ်သည်။ ဇီဒန်းက "ရော်နယ်လ်ဒိုဟာ များများပြောစရာ မလိုတဲ့ ကစားသမားမျိုးပါ။ သူ့ကို အရိပ်ပြရင် အကောင်မြင်ပါတယ်။ ကွင်းထဲမှာတော့ တကယ့်ကို ကြောက်ခမန်းလိလိ ခြိမ်းခြောက်နိုင်တဲ့ ကစားသမားမျိုး ဖြစ်ပါတယ်။ ဆွီဒင်နဲ့ ခြေစစ်ပွဲ ကစားရမယ်ဆိုတော့ လူတော်တော်များများက ပေါ်တူဂီ ခြေစစ်ပွဲ မအောင်တော့ဘူးလို့ ယူဆ ခဲ့ကြပါတယ်။ ဒါပေမဲ့ ရော်နယ်လ်ဒိုက အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးခဲ့တယ်"ဟုလည်း ပြောကြားခဲ့သည်။
၎င်းက "ရော်နယ်လ်ဒိုဟာ သူ့ကိုယ်သူ အကောင်းတကာ့ အကောင်းဆုံး ကစားသမားအဖြစ် သက်သေပြခဲ့သူပါ။ ရီးယဲလ်မှာ သူနဲ့အတူ အလုပ်တွဲလုပ်ရတာကို ကျွန်တော် ဂုဏ်ယူပါတယ်။ သူ့လေ့ကျင့်နေတာ၊ သူကစားနေတာ အားလုံးကို တွေ့မြင်ရတာက အထင်ကြီးစရာပါပဲ"ဟုလည်း ချီးကျူးသွားသည်။

by myawady

0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...