ဒီတစ်ပတ်တော့
ချက်စားဖြစ်တဲ့ ဟင်းတွေထဲက ခုလို ဆောင်းရာသီမှာ ပေါပေါများများ တွေ့ရတဲ့
ရာသီပေါ်သီးနှံထဲက စတော်ဘယ်ရီသီးကို ဟင်းချက်စရာအဖြစ် ချက်နည်းကို
ပြောပြချင်ပါတယ်။ စတော်ဘယ်ရီပေါ်တဲ့ ရာသီရောက်တိုင်း အရင်နှစ်တွေကလည်း
ချက်နည်းတွေ တင်ခဲ့ဖူးပါတယ်။ စတော်ဘယ်ရီကို ဒီနှစ်တော့ ဝက်သားနဲ့
ကြော်စားဖြစ်ပါတယ်။ လိုအပ်တဲ့ အမည်တွေကလည်း ခပ်များများမဟုတ်တဲ့အတွက်
အလွယ်တကူ ကြော်စားနိုင်တဲ့နည်းလည်း ဖြစ်ပါတယ်။
စတော်ဘယ်ရီကိုဝက်သားနဲ့ကြော်ဖို့အတွက်
ပထမဦးစွာ ဝက်သားများကို ပါးပါးလှီးပြီး ဂျင်းရည်၊ဆား၊
အရသာမှုန့်တို့နဲ့နယ်ပြီး ခဏထားလိုက်ပါမယ်။
စတော်ဘယ်ရီသီး လတ်လတ်ဆတ်ဆတ်တွေကို ရေစင်အောင်ဆေးပြီး နှစ်ခြမ်းခြမ်းထားလိုက်ပါတယ်
ဒါတွေကတော့ စတော်ဘယ်ရီ
ဝက်သားချိုချဉ်ထဲ ထည့်မဲ့ အဆာပလာတွေပါ။ ကြက်သွန်ဖြူ ၃မွှာခန့်၊ ငရုပ်သီး
၃တောင့်၊ ကြက်သွန်နီတစ်ဥနဲ့ ဂျူးဖူး ၄ပင် ၅ပင်လောက်ကို လက်တစ်ဆစ်ခန့်
ဖြတ်ထားတာ ဖြစ်ပါတယ်။ ဂျူးဖူးကိုတော့ ဟင်းထဲမှာ အစိမ်းရောင်လေး
လိုချင်တဲ့အတွက် ထည့်တာဖြစ်ပါတယ်။ ဂျူးဖူးမရှိရင်
ကြက်သွန်မြိတ်ကိုထည့်နိုင်ပါတယ်။
အိုးပူပူထဲ ဆီအနည်းငယ်ထည့်ပြီး ဝက်သားများကို ထည့်ကြော်ပါတယ်။
ဝက်သားအရောင်လှအောင် ပဲငံပြာရည်ကို ထည့်ပါတယ်။ ဝက်သားမကျက်မှာစိုးလို့ ရေနည်းနည်း ထည့်ပြီး ခဏလောက် ထပ်တည်ထားပါတယ်။ ထို့နောက် ဝက်သားကျက်ခါနီးရင် ကြက်သွန်ဖြူ၊နီကို ထည့်ကြော်ပါတယ်။
အသားကျက်ပြီဆိုရင် ဂျူးဖူးနဲ့ ငရုပ်သီးများကို ထည့်လိုက်ပါတယ်။
စတော်ဘယ်ရီကို နောက်ဆုံးမှ
ထည့်ပါတယ်။ ထည့်ပြီးတာနဲ့ ချက်ခြင်းမွှေပေးပြီး အရသာအပေါ့အငံ မြည်းကာ
လိုအပ်တာများ ထည့်ပြီးရင် ချနိုင်ပါပြီ။
စတော်ဘယ်ရီဟာ နူးညံ့တဲ့အသီးဖြစ်တာကြောင့် အပူနဲ့တွေ့ရင် ခဏချင်း
အရည်ပျော်သွားတတ်ပါတယ်။ ဒါကြောင့် အသီးကို ထည့်ပြီးတာနဲ့ ချက်ခြင်း
မီးပိတ်ပြီး ခူးခပ်လိုက်ဖို့ လိုပါတယ်။
ပန်းကန်ထဲခူးပြီးတာနဲ့ အခြားသောဟင်းတွေနဲ့အတူ ပူပူနွေးနွေး
သုံးဆောင်နိုင်ပါပြီ။ စတော်ဘယ်ရီရဲ့ ချိုချဉ်အရသာလေးဟာ
အသားရဲ့အရသာနဲ့ပေါင်းစပ်သွားပြီး စားလို့ အလွန်ကောင်းတဲ့ ဟင်းတစ်ခွက်
ဖြစ်လာပါတယ်။
by missgreenlady











0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...