မိတ္ထီလာတွင် လူကုန်ကူးသူအမျိုးသမီးနှစ်ဦးအား
ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဇူလိုင် ၂၂ ရက်က
ခရိုင်တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဇွန် ၁၃ ရက်က မိတ္ထီလာမြို့နယ် ရေငံအနောက် ကျေးရွာနေ
ဦး....၏ သမီး မ... နှင့် ဦး ....၏
သမီး မ..... တို့အား သရက်တန်းကျေးရွာနေ ဒေါ်အုန်းငွေမှ မူဆယ်မြို့ရှိ
စတိုးဆိုင်တွင် အလုပ်လုပ်လျှင် တစ်လကျပ်တစ်သိန်းရမည်ဖြစ်ကြောင်း
စည်းရုံး၍ သီးကုန်း ၂၈၅ မိုင် ကားဂိတ်တွင် မဖြိုးဖြိုးသိန်းထံ
လွှဲအပ်ခဲ့ပြီး ငွေကျပ်တစ်သိန်းရရှိကြောင်း၊ မဖြိုးဖြိုးသိန်းမှ
၎င်းတို့နှစ်ဦးအား မူဆယ်မြို့သို့ ခေါ်ဆောင်သွားပြီး မူဆယ်မြို့မှ တစ်ဆင့်
တရုတ်နိုင်ငံ မန်စီမြို့ရှိ ဆံပင်ညှပ်ဆိုင်တွင် ဆံပင်ညှပ်၊ ခေါင်းလျှော်၊
အနှိပ်ခန်းတို့တွင် မလီလီသိန်းဆိုသူနှင့် အတူခိုင်းစေခဲ့ကြောင်း၊
၎င်းတို့နှစ်ဦးမှာ အဆိုပါအလုပ်များမလုပ်ချင်၍ ထွက်ပြေးရာ မဖြိုးဖြိုးသိန်း
နှင့် မလီလီသိန်း တို့မှ လိုက်လံခေါ်ဆောင်ခဲ့ကြောင်း၊ မဖြိုးဖြိုးသိန်းမှ
လားရှိုးမြို့ နေအိမ်သို့ ခေါ်ဆောင်ခဲ့ပြီး ပြန်လိုက တစ်ဦးလျှင်
ငွေကျပ်သုံးသိန်းစီ တောင်းခံခဲ့ကြောင်း၊ ၎င်းနောက် မဖြိုးဖြိုးသိန်းက
ရေငံအနောက်ကျေးရွာသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်ပြီး ငွေတောင်းခံခဲ့ကြောင်း
မိတ္ထီလာလူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စိတ်မှ စုံစမ်းသိရ၍
မိတ္ထီလာအလည်ရွာ တိုက်နယ်ရဲစခန်းတွင် (ပ) ၁၁/၂၀၁၃
လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
၎င်းအမှုအား မိတ္ထီလာခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ရာ စစ်ဆေး
ပေါ်ပေါက်ချက်အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် လူကုန်ကူးသူ
ဒေါ်အုန်းငွေ (၅၀)နှစ် မိတ္ထီလာမြို့နေထိုင်သူနှင့် မဖြိုးဖြိုးသိန်း
(၃၈)နှစ် လားရှိုးမြို့ နေထိုင်သူတို့အား ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန်
မိတ္ထီလာ ခရိုင်တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
by MOIWebportalMyanmar
0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...