ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့နယ်ခွဲ မဟိုဆန်ဒါ (၁) ရွာရှိ နေအိမ်တစ်လုံးတွင် နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီခန့်က အသက် ၄၀ အရွယ် ဦးလောဖက ၎င်း၏ဇနီး၊ ၎င်း၏ သမီးအရင်းများ ဖြစ်သည့် အသက် ၄ နှစ် အရွယ်နှင့် အသက် ၂ နှစ်အရွယ် သမီးတို့ကို ရဲတင်းဖြင့် ခုတ်ခဲ့ရာ သမီးနှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း တာလေနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးထွန်းဦးက ပြောကြားသည်။
ယင်းအမျိုးသားက ၎င်း၏ ယောက်ဖဖြစ်သူထံမှ အမဲလိုက်ရာတွင် ရရှိခဲ့သော သားကောင်၏ ပေါင်တစ်ဖက်ကို ဇနီးသည်ကို တောင်းခိုင်းရာ ယောက်ဖဖြစ်သူက မပေးလိုက်သည့် ကိစ္စနှင့် ပတ်သက်၍ စကားများ ရန်ဖြစ်ရာမှ အသက် ၃၉ နှစ်အရွယ် မမိဂျူ၊ ၎င်း၏သမီး အသက် ၄ နှစ်အရွယ် မအစူးစာနှင့် အသက် ၂ နှစ်အရွယ် မမာလိယာတို့ကို ရဲတင်းဖြင့် ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းအမျိုးသားမှာ ရဲတင်းဖြင့် ခုတ်ပြီးနောက် ကျေးရွာမှ ထွက်ပြေးခဲ့ရာ နိုဝင်ဘာလ ၁၄ ရက် နံနက် ၇ နာရီခွဲတွင် တောင်သုံး အပေါ်ရွာနှင့် အလယ်ရွာကြား တောင်တက်လမ်း၌ ဆိုင်ကယ်မောင်းနှင်လာစဉ် လက်နက်များနှင့်အတူ ဖမ်းမိခဲ့ကြောင်း တာလေနယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
“ရဲတင်းက တုံးနေတော့ မပြတ်ဘဲ တူနဲ့ ထုထားသလို ဖြစ်နေတာ။ သူ့မိန်းမမှာ လေးချက်၊ သမီးကြီးဆီမှာ နှစ်ချက်၊ သမီးငယ်ဆီမှာ တစ်ချက် ဒဏ်ရာတွေရလို့ တာလေမြို့ ပြည်သူ့ဆေးရုံ တင်ထားတယ်။ ကလေးနှစ်ယောက်မှာ ခေါင်းခွံတွေ ကြေသွားတာ အသက်အန္တရာယ် စိုးရိမ်ရလို့ ထိုင်းဘက်မှာ ဆေးရုံပြောင်း တင်ထားရတယ်” ဟု တာလေနယ်မြေ ရဲစခန်းမှူး ရဲအုပ်မျိုးထွန်းဦးက ပြောကြားသည်။
၎င်းကိုစစ်ဆေးခဲ့ရာ ကျောတွင် လွယ်ထားသော တူမီးသေနတ်တစ်လက်၊ ဖြူးစ်တပ်ထားသည့် တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံးနှစ်လုံး၊ ယမ်းများ ထည့်ထားသော ပလတ်စတစ်ဘူး တစ်ဘူး၊ ယမ်းကတ် ၁၀ ကတ်ပါ ပလတ်စတစ်ဘူး တစ်ဘူးနှင့် ခဲသီးများ ထည့်ထားသော ပလတ်စတစ်ဘူး တစ်ဘူးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ ဇနီးသည်နှင့် သမီးကို ရဲတင်းဖြင့်ခုတ်ပြီး ထွက်ပြေးရာက လက်နက်များနှင့်အတူ ဖမ်းမိသူ ဦးလောဖကို (ပ) ၂၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၂၆၊ (ပ) ၂၅/၂၀၁၄၊ ရှမ်းလက်နက် ပုဒ်မ ၁၂ (က) ဖြင့် အမှုဖွင့်ကာ အရေးယူထားကြောင်း တာလေနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။
by the voice weekly
Monday, November 17, 2014
ခင်ပွန်းဖြစ်သူက ဇနီးနှင့် ကလေးများကို ရဲတင်းဖြင့်ခုတ် သမီးနှစ်ဦး ဒဏ်ရာပြင်းထန်
Subscribe to:
Post Comments (Atom)










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...