
ကျွန်တော်တို့ ခပ်ငယ်ငယ်လောက်မှာ ကျွန်တော်တို့ ရှင်သန်ရာ
ပတ်ဝန်းကျင်ကနေ ကျွန်တော်တို့အပေါ် နိုင့်ထက်စီးနင်း ပြုလုပ်ခဲ့တာတွေ
ရှိခဲ့ကြပါတယ်။ ခွန်အားကြီးသူက ခွန်အားနည်းသူကို အနိုင်ကျင့်တဲ့
ကိစ္စမျိုးတွေ၊ အုပ်စုအင်အားတောင့်သူတွေက အထီးကျန်သူတွေကို
နိုင်စားတာမျိုးတွေ ကြုံခဲ့ဖူးမှာပါ။ ဒီကနေ့ ထင်ပေါ်ကျော်ကြားသူတွေထဲမှာ
အဲဒီလို အနိုင်ကျင့်ခံခဲ့ရသူတွေလည်း မနည်းမနောပါ။ အဲဒီထဲက ထင်ရှားတဲ့
အဆိုတော် ၁၀ ယောက်ရဲ့ ဘဝကို ရွေးထုတ်ပြီး ဖော်ပြလိုက်ရပါတယ်။
၁. လေဒီဂါဂါ ဒီနေ့အချိန်အခါမှာ လေဒီဂါဂါရယ်လို့ လျှမ်းလျှမ်းတောက်
ကျော်ကြားလာမယ့် မိန်းကလေးဟာ ငယ်ငယ်က လူတွေ စိတ်ဝင်စားစရာ မကောင်းတဲ့
ကောင်မလေး တစ်ယောက်ပါ။ ကျောင်းက တခြားကောင်မလေးတွေ အိမ်ပြန်ချိန်ဆိုရင်
အတန်းထဲက ကောင်လေးတွေက ကျွန်မကိုမပြီး ကျွန်မနေတဲ့ ရပ်ကွက်လမ်းဘေး
အမှိုက်ကန်ထဲ ပစ်ထည့်ပါတယ်။ ကျွန်မကိုယ်မှာ အမှိုက်တွေ ပေပွပြီး
အားလုံးဝိုင်းရယ်ကြပါတယ်။ ကျွန်မကိုယ်တိုင်လည်း ရယ်မိပါတယ်။
ကျွန်မရယ်တဲ့အသံက စိတ်ပျက်ဖို့ ကောင်းတယ်လေလို့ လေဒီဂါဂါက
ပြန်ပြောင်းပြောပြခဲ့ပါတယ်။
၂. ဒမ်မီ လော့ဗာတို ဆယ်လီနာ ဂိုမက်ဇ်ရဲ့ အချစ်ဆုံး သူငယ်ချင်း ဒမ်မီ
လော့ဗာတိုဟာ ဒီနေ့အချိန်မှာ အဆိုတော်နဲ့ မင်းသမီးတစ်လက်အဖြစ်
ကျော်ကြားနေပေမယ့် ငယ်ငယ်တုန်းကတော့ သူ့ကို ကျောင်းက ထုတ်ပယ်ပေးဖို့တောင်
တောင်းဆိုခံခဲ့ရပါတယ်တဲ့။ အကြောင်းရင်းကတော့ သူဟာ ငယ်ငယ်တုန်းက အတော်လေး
ဝလို့ပါတဲ့။ တချို့တွေကဆိုရင် ပြည်သူပိုင် ကျောင်းကနေ နှုတ်ထွက်ဖို့အထိ
ဝိုင်းပြီး တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကျောင်းက
ရေချိုးခန်းနံရံမှာ သူ့ကို မုန်းတဲ့အကြောင်း လက်မှတ်ထိုးနဲ့ ဝိုင်းပြီး
တောင်းဆိုခဲ့ကြဖူးတယ်လို့ ရှင်းပြခဲ့ပါတယ်။
၃. ဂျက်ဆီ ဂျေ Who’s Laughing Now သီချင်းဟာ ဂျက်ဆီ ဂျေအတွက်တော့
အလွန်အရေးကြီးပါတယ်တဲ့။ ဘာလို့လဲဆိုတော့ သူငယ်ငယ်က ပုံစံမမှန်တဲ့
သွားတွေကြောင့် သူ့ကို ဂြိုဟ်သား၊ ပိုးကောင်၊ ယုန် စသဖြင့် နာမည်ပြောင်တွေ
ပေးခဲ့သလို ခေါင်းကို ခဲတွေနဲ့ ဝိုင်းပေါက်တာ ခံခဲ့ရပါတယ်။ ဒါပေမယ့်
ဒါတွေကို တွန်းအားအဖြစ် ပြောင်းလဲရင်း ဒီကနေ့ အချိန်မှာ အောင်မြင်တဲ့
အဆိုတော် တစ်ယောက် ဖြစ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂျက်ဆီ ဂျေဟာ
သူ့ရဲ့ အဆိုတော်ဘဝ အစမှာတည်းက ပရိသတ်တွေဆီက ရခဲ့တဲ့ စာတွေကို စုဆောင်းပြီး
စာအုပ်လုပ်ထားခဲ့ပါတယ်။ နောင် ၁၀ နှစ်လောက် ကြာလာတဲ့အခါမှာ အဲဒီဘဝကို
ပြန်မှတ်မိနိုင်အောင် ဖတ်ကြည့်ဖို့ပါတဲ့။
၎. ခရစ် ကောလ်ဖား Glee ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့
အဆိုတော် ခရစ် ကောလ်ဖားဟာလည်း ငယ်ငယ်ကတော့ စိတ်ပိုင်းဆိုင်ရာ
အနိုင်ကျင့်ခံခဲ့ရပါသတဲ့။ သူ့ကို ခိုင်းဖတ်လို့ နောက်ပြောင်ခေါ်ဆို
ခံခဲ့ရတာတွေကို သူမမေ့ပါဘူးတဲ့။ ဒါပေမယ့် သူက ပြင်းထန်တဲ့ နည်းတွေနဲ့
မတုံ့ပြန်ပဲ အလိမ္မာသုံးပြီး ပြန်လည် ဖြေရှင်းတတ်တယ်လို့ ဆိုပါတယ်။
၅. တေလာ ဆွစ်ဖ် ကန်းထရီး တေးသီချင်းတွေကိုမှ နှစ်ခြိုက်တဲ့ တေလာ
ဆွစ်ဖ်ဟာလည်း ငယ်ငယ်က ဝိုင်းကျဉ်တာကို ခံခဲ့ရဖူးပါတယ်တဲ့။ အထက်တန်းကျောင်း
စတက်တဲ့အချိန်မှာ အတန်းထဲက ခပ်လန်းလန်း ကောင်မလေးတွေက သူ့ကို ပုံစံမကျ
မလှမပမို့ စကားမပြောကြပါဘူးတဲ့။ တခြားအတန်းဖော်တွေကလည်း တောသီချင်းတွေ
ကြိုက်လို့ဆိုပြီး သူ့ကို အပေါင်းအသင်း မလုပ်ပဲ ဝိုင်းလှောင်ကြပါတယ်တဲ့။
ပါတီပွဲတွေကိုလည်း သူ့ကို မဖိတ်ပဲ ချန်ထားကြလို့ အားတိုင်း အိမ်မှာ လက်တွေ
ပေါက်ပြဲတဲ့အထိ ဂစ်တာကိုပဲ ထိုင်တီးနေမိတာ ကံကောင်းတယ်လို့ တေလာ ဆွစ်ဖ်က
ပြန်ပြောင်း ပြောပြခဲ့ပါတယ်။
၆. ရီဟားနား လူဖြူလူမည်း ခွဲခြားမှုဟာ လူမည်းတွေကိုပဲ ဦးတည်ပြီး
ငမဲလို့ အခေါ်ခံရတာ မဟုတ်ပါဘူး။ ရီဟားနားဟာ ဘာဘေးဒိုး လူမည်းမိခင်ကနေ
မွေးဖွားလာပေမယ့် အိုင်းရစ်သွေး ပါတာကြောင့် သူများတွေထက် စာရင်
အသားအနည်းငယ် ဖြူပါတယ်။ ကျောင်းကိုလည်း ရောက်ရော လူမည်းတွေက သူ့ကို
ငဖြူလို့ခေါ်ပြီး လှောင်ပြောင်ကြပါတယ်။ အတန်းဖော်တွေက သူ့ကိုကြည့်ပြီး
ဆဲဆိုလှောင်ပြောင်ကြပေမယ့် ဘာလို့ဆိုတာ သူနားမလည်ပါဘူးတဲ့။ သူသိတာကတော့
သူဟာ သူများတွေထက်စာရင် အသားအရောင် နည်းနည်း ဖျော့နေတာ တစ်ခုပါပဲလို့
ရီဟာနားက ဆိုပါတယ်။
၇. ရီဘက်ကာ ဘလက် Friday သီချင်းနဲ့ youtube တခွင်မှာ အညံ့ဖျင်းဆုံး
သီချင်းအဖြစ် ဝိုင်းဝန်းမှတ်တမ်းတင်ခံခဲ့ရတဲ့ ၁၅ နှစ်အရွယ် အဆိုတော်မလေး
ရီဘက်ကာ ဘလက်ဟာလည်း ကျောင်းမှာ အနိုင်ကျင့်ခံနေရပါတယ်တဲ့။ သူ့ရဲ့
သီချင်းကို မီဒီယာတွေက ဝိုင်းဝန်းဝေဖန် တိုက်ခိုက်နေကြချိန် ကျောင်းမှာလည်း
တိုက်ခိုက်ခံရတာ ကြုံခဲ့ရတယ်လို့ ရီဘက်ကာက ပြောပြခဲ့ပါတယ်။ သူ့ကိုတွေ့ပြီ
ဆိုတာနဲ့ Friday သီချင်းကို အသံသေးအသံကြောင်နဲ့ ဆိုပြကြသလို နောက်ဆုံး
အိမ်အထိ ခြိမ်းခြောက်စာတွေ ရောက်လာခဲ့ပါတယ်။ အသက်အန္တရာယ်
ခြိမ်းခြောက်မှုတွေပါ ပါဝင်လာတာကြောင့် ရဲဌာနကတောင် စုံစမ်းစစ်ဆေးမှုတွေ
လုပ်ရတဲ့အထိ ကြီးကျယ်သွားခဲ့ပါသေးတယ်။
၈. ဆယ်လီနာ ဂိုမက်ဇ် ဂျပ်စတင်ဘီဘာရဲ့ ချစ်သူ အဆိုတော် မင်းသမီးချော
ဆယ်လီနာ ဂိုမက်ဇ်ဟာလည်း ငယ်ငယ်က အတန်းထဲမှာ လူချဉ်ဖတ် ဖြစ်ခဲ့ပါတယ်။
အတန်းထဲမှာ သူငယ်ချင်း နှစ်ယောက်ပဲ ရှိပြီး အမြဲတမ်း နောက်ဆုံးမှာပဲ
သွားထိုင်လေ့ ရှိပါတယ်တဲ့။ အထူးသဖြင့် သူ့ရဲ့ ဖျော်ဖြေရေးအလုပ်ကို
ဝိုင်းပြီး ဟာသလုပ်ကြလေ့ရှိတယ်လို့ ဆိုပါတယ်။
၉. အမ်မီနမ် လူမည်းတွေကြားမှာ ကျင်လည်ခဲ့ရတဲ့ အမ်မီနမ်ဟာလည်း
လူဖြူတစ်ယောက်အဖြစ် ကျန်တဲ့ကျောင်းသားတွေရဲ့ ဝိုင်းပယ်တာ၊ အနိုင်ကျင့်တာ
ခံခဲ့ရပါတယ်တဲ့။ တစ်နှစ်ကို နှစ်ကျောင်း၊ သုံးကျောင်း ပြောင်းတက်ခဲ့ရသလို
ရေချိုးခန်းမှာ၊ ခန်းမဆောင် လျှောက်လမ်းမှာ၊ အဝတ်လဲခန်းတွေမှာ ဝိုင်းပြီး
ထိုးကြိတ်တာတွေ ခံခဲ့ရပါတယ်တဲ့။ ဒါပေမယ့် လူမည်းတွေရဲ့ ဂီတဖြစ်တဲ့ Hip Hop
ကို မစွန့်ပစ်နိုင်တာကြောင့် သူ့ခမျာ ဒီဒဏ်ရာတွေကို ကြိတ်ပြီး ခံရပါတယ်တဲ့။
သူဟာ လူဖြစ်တစ်ယောက် ဖြစ်တာကြောင့် Hip Hop လောကမှာ
မအောင်မြင်နိုင်ဘူးလို့ ဝိုင်းပြီး ရှုံ့ချတာကိုလည်း ခံခဲ့ရပါတယ်တဲ့။
၁၀. မက်ဒေါနား အမွှေးရှည်သရဲလို့ နောက်ပြောင်ခံခဲ့ရတဲ့ မက်ဒေါနားဟာလည်း
ငယ်ငယ်က အလန်းစားတွေကြားမှာ အပယ်ခံဖြစ်ခဲ့ပါတယ်တဲ့။ ကျောင်းမှာ
ပေါ်ပြူလာဖြစ်တဲ့ ကောင်မလေးတွေ သူတို့ကြိုက်တဲ့ ကောင်လေးတွေကို ဘယ်လို
ဆွဲဆောင်ကြလဲ ဆိုတာကို ကြည့်ပြီး ဆန့်ကျင်ဘက်ပုံစံတွေ နေခဲ့တယ်လို့
ဆိုပါတယ်။ ဆံပင်စုတ်ဖွား၊ မိတ်ကပ်မလိမ်း၊ ချိုင်းမွှေးမရိတ်
နေခဲ့ဖူးတာကြောင့် အမွှေးရှည်သရဲဆိုတဲ့ နာမည်ဆိုးတွင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် သူရဲ့ ဘဲလေးအကဆရာက သူ့ကို အနုပညာရှင်တွေကြားမှာ ဝင်ဆံ့နိုင်အောင်
လေ့ကျင့်ပေးခဲ့တဲ့ အချိန်က စပြီး အရာရာဟာ ပြောင်းလဲသွားခဲ့တယ်လို့
ပြောပြခဲ့ပါတယ်။ အကယ်၍ လူတစ်ယောက်ဟာ သူများအတင်းအဖျင်း မပြောပဲ နေ့တစ်နေ့
ဖြတ်သန်းနိုင်ခဲ့မယ်ဆိုရင် အဲဒီနေ့ဟာ ဘယ်လိုနေ့မျိုး ဖြစ်မလဲလို့လည်း
မေးခွန်းထုတ်သွားခဲ့ပါသေးတယ်။
Photo Credit: Getty Images Ref: Popcrush Hollinaz
ထူးထူးဆန်းဆန်း’s Pageby myanmarlatestnews










0 comments:
Post a Comment
နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...