<div style='background-color: none transparent;'></div>

Monday, December 15, 2014

ချစ်သူကို စည်းကမ်းတကျ ချစ်တတ်ခြင်း


အချစ်၏ တန်ဖိုးသည် ချစ်သူအပေါ်မည်မျှ ချစ်နိုင်သည်ကို ယေဘူယျအားဖြင့် တိုင်းတာ သတ်မှတ်တတ်ကြပေသည် ။ ထိုသို့ သတ်မှတ်ရာတွင် ချစ်သူအပေါ်ထားရှိသော ချစ်ခြင်းတရားသည် အကျိုးကိုလိုလားသော ချစ်ခြင်းတရား ဖြစ်ဖို့ကား လွန်စွာ အရေးကြီးပေသည် ။ မိမိချစ်သူကို အမှန်တယ် တန်ဖိုးရှိရှိ ချစ်တတ်သူတို့သည် မိမိချစ်သူအား လူတစ်ယောက်မှာရှိသင့် ရှိထိုက်သောတန်ဖိုးများ ရှိလာအောင် အရောင်တင်ပေးနိုင်ရမည် ။တန်ဖိုးရှိသောသူ ၊ အသုံးကျသော သူတစ်ယောက်ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်သူ ဖြစ်သင့်သည် ။ အချစ်ဆိုသည်မှာ ချစ်နေယုံလေးနဲ့ မပြီးပါ ။ အချစ်ကို သိက္ခာရှိရှိ ချစ်တတ်ဖို့လည်း လိုအပ်ပေသည် ။ ချစ်သူကို ချစ်လို့လိုက်လျောတယ် ဆိုသည့်နေရာမှာ မျက်စိစုံမှိတ် လိုက်လျောဖို့ မလိုအပ်ပေ။
မလိုအပ်သည့်သဘောကောင်းခြင်းတွေဟာ ဈေးပေါပေါ ပစ္စည်းတွေလို တန်ဖိုးမဲ့သွားတတ်ပေသည် ။ ဒီအကြောင်းအရာနဲ့ ပတ်သတ်ဆက်နွယ်နေသည့် နမူနာလေးတစ်ခုကို ပြောပြချင် ပါသည် ။တစ်နေ့ အိမ်မှာရှိနေသည့် ကောင်လေးတွေ စကားစုပြောနေကြသည်ကို ဟင်းချက်နေရင်း ကျွန်မကြားနေရသည် ။ သူတို့မိတ်ဆွေဇနီးမောင်နှံအကြောင်းကို ပြောဆိုနေကြခြင်းပါ ။ ပထမတော့ ဒီလိုဘဲ နားထဲဝင်လာတာမို့ နားထောင်လိုက် ပေမယ့် သူတို့ပြောနေသည့် အကြောင်းအရာရဲ့ အဓိကအချက်လေးကို စိတ်ဝင်စား မိသွားတာမို့ သေချာလေး နားစိုက်ထောင်လိုက်မိပါသည် ။ သူတို့မိတ်ဆွေကောင်လေး က ကံကောင်းသတဲ့ ။ သူအမျိုးသမီးလေးက သူခင်ပွန်းသောက်ဖို့ တစ်လကို အရက် တစ်ဖာဝယ်ပေးတယ်ဆိုပဲ ။ ဒီအလိုလိုက်မှု့လေးက သူ့မိန်းမက သူ့ယောကျာင်္းကို သိပ်ချစ် တယ်ဆိုသည့် ပြယုဂ်တစ်ခု ဖြစ်သွားပါကောလား ။
နားထဲကြားမိသည့် စကားသံတွေကြောင့် ကျွန်မရင်ထဲ မောဟိုက်သွားမိသည် ။ အတွေးမှား ၊ အယူဆမှားတွေ လောကကြီးထဲကို ဘယ်လောက်ထိတောင် တိုးဝင်နေရာ ယူနေကြပြီလည်းဆိုသည့် အတွေးက ကျွန်မကို အတော်လေးထိတ်လန့်သွားစေပါသည်။ မိမိခင်ပွန်းသည်အတွက် အရက်ကို ဖာလိုက်ဝယ်ပေးခြင်းဟာ ချစ်ခြင်းမည်သတဲ့လား ။ ဆိုးလိုက်သည့်လုပ်ရပ် ။ မိမိချစ်ခင်မြတ်နိုးသူကို သေတွင်းဆီ အမြန်ဆုံးပို့ဆောင်နေခြင်း ဟာ ချစ်ခြင်းရဲ့ ပြယုဂ်မဟုတ်ပါ ။ မိမိတို့ချစ်ရသူတွေကို အလိုလိုက်အကြိုက်ဆောင် ပေးချင်ကြသည်မှာ ချစ်သူတိုင်းဧ။် တူညီသည့် ဆန္ဒတစ်ခု ဖြစ်စေမှာပါ ။ သို့သော် မိမိချစ်သူတို့ တောင်းဆိုသော အရာသည် ဖြစ်သင့်သော တောင်းဆိုခြင်းလား ၊ မဖြစ်သင့်သော တောင်းဆိုခြင်းလားဆိုသည့် အချက်ကိုတော့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပေသည် ။
ချစ်တာတစ်ခုတည်းနှင့် မျက်စိစုံမှိတ် အလိုလိုက်ခြင်းဟာ မိမိချစ်သူ ကို ချစ်တာမဟုတ် ၊နစ်မွန်းအောင် လုပ်နေခြင်းသာ ဖြစ်သည် ။ ချစ်သူအမျိုးသားများ အနေနဲ့လည်း ချစ်လို့ပါဆိုသည့် စကားကို ခုတုံးလုပ်ကာ မိမိတို့ ချစ်သူအမျိုးသမီးများဆီမှ ကာမကို အတွင်တွင်တောင်းဆိုကြခြင်းကို ရှောင်ရှားသင့်ပေ သည် ။ လက်ထပ်ခြင်းအမှု့ကို မပြုရသေးဘဲ ကာမကိုတောင်းဆိုခြင်းသည် မိမိတို့ ချစ်သူကို ချစ်သည့်သဘော မဆောင် တန်ဖိုးမဲ့အောင်လုပ်ဆောင်ခြင်းနှင့်သာသဏ္ဍန် တူပါပေသည်။ အချစ်ဆိုသည့် ခံစားမှု့သည် အသွေးသားဆန္ဒတွေကို ဖြည့်ဆီးဖို့ အကြောင်းပြချက်မဟုတ်တန်ပါ ။ သဘာဝတရားကို သဘာအတိုင်း သူအဆင့်နှင့် သူသွားမှသာ တန်ဖိုးဆိုသည့်အရာကလည်း နောက်မှထပ်ကြပ်မကွာ လိုက်ပါလာ ပေလိမ့်မည် ။
အရာရာကို လက်လွတ်စပယ် မလုပ်မိစေဖို့ ချစ်သူစုံတွဲတိုင်း သတိ ချပ်ရပေမည်။ အချစ်တန်ဖိုး မြှင့်တက်စေဖို့ရာ မိမိချစ်သူကို စေတနာမှန်ကန်စွာ ချစ်တတ်ဖို့ အထူး ဂရုပြုသင့်ပါသည် ။ မိမိချစ်သူကို တန်ဖိုးရှိအောင် မထားသူသည် ဘယ်လိုနည်းနဲ့မှ အချစ်စစ်ဖြင့် ချစ်နိုင်သူ မဟုတ်ပါ ။မိမိက ချစ်သူအလိုကို လိုက်နေယုံဖြင့် ချစ်ခြင်း ကို သက်သေတည်လို့ မရနိုင်ပါ ။ အလိုလိုက်သည့်နေရာမှာ လိုက်သင့်ခြင်း ၊ မလိုက် သင့်ခြင်းဆိုသည့် အချက်တွေကို သေသေချာချာ သုံးသပ်ဖို့အရေးကြီးပေသည် ။ အချစ်ကို စည်းကမ်းတကျ ချစ်တတ်ခြင်းသည်သာ အနာဂတ်ဘ၀ခရီးလမ်းအတွက် စိတ်ချမ်းမြေ့စရာတွေဖြစ်လာနိုင်ပေသည် ။ ကဲ ချစ်သူတို့ရေ မိမိချစ်သူကို စစ်မှန်စွာ ချစ်တတ်ကြပါစေ ။ချစ်သူကို စည်းကမ်းတကျ ချစ်တတ်ခြင်းဖြင့် ကိုယ်ချစ်ခင်မြတ်နိုးရသူတွေရဲ့ လူ့တန်ဖိုးကို မြှင့်တင်ပေးနိုင်ကြ ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း – ခိုင်လေး ( ရွှေတောင် )
by myanmarlatestnews

0 comments:

Post a Comment

နည်းပညာနဲ့ ပတ်သတ်ပြီး သိလိုသည်များကို မေးခဲ့နိုင်ပါတယ်...နည်းပညာတိုင်းက ကျွန်တော် ရေးထားတာ မဟုတ်ပေမယ့်..ကျွန်တော် သိသလောက်ကို ဖြေပေးမှာပါ..သတင်းပို့စ်တွေနဲ့ ပတ်သတ်ပြီးလည်း..ကြိုက်သလို ဝေဖန်နိုင်ပါတယ်...